စားသုံးသူ ပညာပေးဘာသာသင်ဖို့ကိစ္စ လွှတ်တော် မှတ်တမ်းတင်
2017.06.15
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းကို ဇွန်လ ၁၅ ရက်နေ့က ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တွေ့ရစဉ်
နိုင်ငံသားများအတွက် စားသုံးသူပညာပေးရေး ဘာသာရပ်ကို အခြေခံပညာအလယ်တန်း သင်ရိုးညွန်းတမ်းမှစပြီး ထည့်သွင်းသင်ကြားပေးရန် ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်းအဆိုကို ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မှတ်တမ်းတင်ထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အသစ်ရေးဆွဲနေတဲ့ အခြေခံပညာရေးသင်ရိုး အသစ်မှာ ကျောင်းသားလူငယ်တွေရဲ့ ဉာဏ်ရည်နဲ့ လိုက်လျောညီထွေရှိမယ့် စားသုံးသူရေးရာ အသိပညာပေး သင်ခန်းစာများကို ထည့်သွင်းရေးဆွဲနေပြီဖြစ်တာကြောင့် အဆိုကိုမှတ်တမ်းတင် ထားရှိသင့်ကြောင်း အခုလို ပြောဆိုသွားတာပါ။
"ပညာရေးမဟာဗျူဟာစီမံကိန်းအရ ဆက်လက်ရေးဆွဲပြုစုရန် ဆောင်ရွက်နေတဲ့ သင်ရိုးသစ်များမှာသော်၎င်း၊ လွှတ်တော်ကိုယ်စားလှယ်များ၏ လမ်းညွှန်ချက်များအတိုင်း စားသုံးသူရေးရာအသိပညာရေး သင်ခန်းစာများကို ထည့်သွင်းရေးဆွဲဆောင်ရွက်နေသောကြောင့် လွှတ်တော်က မှတ်တမ်းအဖြစ် ထားရှိပေးနိုင်ရန် လွှတ်တော်ဥက္ကဌကြီးမှတဆင့် ပြည်သူ့လွှတ်တော်ကို ရိုသေစွာတင်ပြလိုက်ပါတယ်"
အခြေခံပညာကျောင်းတွေမှာ စားသုံးသူပညာပေးရေးလို့ အမည်မဖော်ပြထားပေမယ့် ကျောင်းသား၊ ကျောင်း သူတွေရဲ့ အသက်အရွယ်၊ ဉာဏ်ရည်တို့နဲ့ လိုက်လျောညီထွေရှိမယ့် သင်ခန်းစာတွေကို ဘဝအတွက်တာ ကျွမ်းကျင်စရာဘာသာရပ်အဖြစ် ထည့်သွင်းပြီး သင်ကြားပေးနေကြောင်းလည်း ပြောပါတယ်။
ဒါ့အပြင် ပညာရေးဝန်ကြီးဌာနအနေနဲ့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက တရားဝင် ထုတ်ပြန် ထားတဲ့အများပြည်သူ သုံးစွဲရန်မသင့်တဲ့ အစားအသောက်၊ ဆေးဝါးနဲ့ အလှကုန်ပစ္စည်းများကို တိုင်းဒေသကြီး နဲ့ ပြည်နယ်ပညာရေးမှူးရုံးတွေကနေတဆင့် သက်ဆိုင်ရာကျောင်းတွေမှာရှိတဲ့ ကျောင်းသား၊ကျောင်းသူ များနဲ့ ကျောင်းသားမိဘ ပြည်သူလူထုတွေ သိရှိပြီးရှောင်ရှားနိုင်စေဖို့ အဆင့်ဆင့် အသိပေးအကြောင်း ကြား ဆောင်ရွက်နေကြောင်းလည်း ဦးဝင်းမော်ထွန်းက ထည့်သွင်းပြောဆိုသွားပါတယ်။
ကျိုက်လတ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရန်လင်း တင်သွင်းတဲ့အဆိုကို လွှတ်တော် ကိုယ်စားလှယ် ၁၅ ဦးက အကြံပြုဆွေးနွေးအပြီး သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာနကလည်း အဆိုကို မှတ်တမ်းတင်ထားရှိဖို့ ပြောဆိုတာကို အဆိုရှင်ကလည်း သဘောတူတာကြောင့် အဆိုကို လွှတ်တော်မှာ မှတ်တမ်းတင်ထားဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။









