ကုန်သေတ္တာတင်ယာဉ်တွေ ကို နေ့လည်ပိုင်းမှာ ပြန် လည်မောင်းနှင်ခွင့်ပြု


2017.03.16
container-car-620 ရန်ကုန်မြို့၊ ကမ်းနားလမ်းမှာ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့က ကုန်သေတ္တာတင်ယာဉ်တွေကို တွေ့ရစဉ်
Photo: Thant Zin Oo/RFA

ရန်ကုန်မြို့မှာ ဆိပ်ကမ်းကထွက်မယ့် ကုန်သေတ္တာယာဉ်နဲ့ ကုန်တင်ယာဉ်တွေကို ဒီကနေ့ကစပြီး နေ့လည် ၁၁ နာရီကနေ  ညနေ ၃ နာရီအတွင်း ကမ်းနားလမ်းနဲ့ ဘုရင့်နောင်လမ်းတွေမှာ  ပြန်လည်မောင်းနှင်ခွင့် ပြုလိုက် တယ်လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က ရန်ကုန်တိုင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီ ကို ပေးပို့တဲ့စာမှာ ဖော်ပြထားပါတယ်။

အရင်က ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းဖို့ ကုန်တင်ယာဉ်သွားလာခွင့်ကို ကန့်သတ်ခဲ့တာဖြစ်ပြီး အခုပြန်လည် ခွင့်ပြုလိုက်တဲ့ အချိန်အပိုင်းအခြားဟာ ယာဉ်ကြောပိတ်ဆို့မှု နည်းပါးတဲ့အချိန်ဖြစ်လို့ ပြန်လည် ခွင့်ပြုပေးလိုက် တာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောပါတယ်။

"ယာဉ်ကြောပိတ်ဆို့မှုဖြစ်တဲ့အတွက် ဒါကိုပြီးခဲ့တဲ့နှစ်ကစပြီး ပြောင်းခဲ့တယ်၊ ပြောင်းခဲ့တော့ တော်တော်လေး လည်း အဆင်ပြေပါတယ်၊ အားလုံးလည်းအသားကျပါတယ်၊ အခုက Traffic ချောင်တဲ့အချိန်က နေ့လည် ၁၁ နာရီနဲ့ ညနေ ၃ နာရီအချိန် ဒါကိုတော့ သင့်တဲ့အချိန် သင့်တင့်တဲ့လမ်းကို ဖြေလျော့မှုပြန်ပေးတယ်"

လက်ရှိကာလဟာ ပွင့်လင်းရာသီဖြစ်တဲ့အတွက် အဓိကပို့ကုန်တွေဖြစ်တဲ့ ဆန်၊ ပဲမျိုးစုံနဲ့ စိုက်ပျိုးရေး ထွက်ကုန်တွေ ကို အချိန်မီ တင်ပို့နိုင်ဖို့နဲ့ သြင်္ကန်ပိတ်ရက်တွေမှာ ရပ်ဆိုင်းထားရမယ့် လုပ်ငန်းတွေအတွက် ခွင့်ပြုလိုက်တာဖြစ် တယ်လို့ တိုင်းအစိုးရအဖွဲ့ရဲ့ စာမှာပါရှိပါတယ်။

ရန်ကုန်မြို့ ကမ်းနားလမ်းနဲ့ ဘုရင့်နောင် လမ်းမကြီးတွေကို နေ့အချိန်မှာ ကုန်သေတ္တာတင်ယာဉ်တွေ သွားလာ ခွင့် ပြန်လည်ခွင့်ပြုဖို့အတွက် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တွေနဲ့ မြန်မာနိုင်ငံ ကုန်သေတ္တာ အသင်းတို့က တိုင်းအစိုးရကို တင်ပြခဲ့တာဖြစ်ပါတယ်။

အခုလို ဆိပ်ကမ်းကထွက်မယ့် ကုန်သေတ္တာယာဉ်တွေကို နေ့လည်ပိုင်းမှာ ပြန်လည် မောင်းနှင်ခွင့်ပြုလိုက်တဲ့ အတွက် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်အောင် ဆောင်ရွက်ဖို့နဲ့ ဆိပ်ကမ်းကိုဝင်မယ့် ယာဉ်တွေကိုပါ ခွင့်ပြုနိုင်ခြင်းရှိ၊ မရှိ စိစစ်တင်ပြဖို့ တိုင်းအစိုးရအဖွဲ့က ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီကို စာပေးပို့ထား ပါတယ်။

ရန်ကုန်မြို့တွင်းမှာ ကုန်သေတ္တာတင်ယာဉ်တွေနဲ့ ကုန်တင်ယာဉ်တွေကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၇ ရက်ကစပြီး ည ၉ နာရီကနေ မနက် ၆ နာရီအတွင်းသာ မောင်းနှင်ဖို့ တိုင်းအစိုးရအဖွဲ့က ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။