ညှိနှိုင်းဆဲကာလမှာ စီမံကိန်းလုပ်ငန်း အကောင်အထည်မဖော်ဖို့ ဒေသခံများတောင်းဆို

စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီ ထုတ်လုပ်ရေး စီမံကိန်း ဆက်လက် အကောင်အထည်ဖော်ဖို့ အာဏာပိုင်တွေဘက်က ခြံစည်းရိုး ကာရံနေတာကို ဒီကနေ့ ဒေသခံရွာသား ၆၀၀ ကျော်လောက် သွားရောက်ပြီး တည်ဆောက်မှုကို ရပ်တန့်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

2012.08.23

မြန်မာယန်စီ တရုတ်ကုမ္ပဏီနဲ့ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်တို့ ပူးပေါင်း အကောင်အထည် ဖော်နေတဲ့ အဲဒီစီမံကိန်းကို ဆက်လုပ် မဆောင်ရွက်ဖို့ ဒေသခံတွေနဲ့ နှစ်ဖက်သဘောတူညီမှု ရရှိထားပေမယ့် မကြာသေးမီ ရက်ပိုင်းလောက်မှာ မြေနီတောင်ခြေ အနီးအနားက သိမ်းဆည်းထားတဲ့ မြေနေရာ ၁၀ ဧက ကျော်လောက်ကို ဆက်လက် ခြံစည်းရိုးခတ်နေတဲ့အတွက် ဒေသခံတွေက သွားရောက် တားမြစ်ရတာဖြစ်တယ်လို့ တားမြစ်ရာမှာ ပါဝင်တဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"သိမ်းထားတဲ့လယ်ပေါ်မှာ ခြံစည်းရိုးလာခတ်တယ်ခင်ဗျ။ အဲတာကို ကျွန်တော်တို့က တရားဥပဒေ နည်းလမ်းကျကျ ရှင်းပေးဖို့ တောင်းဆိုတာကို လက်မခံဘူး။ သူတို့တွေက လုံထိန်းအင်အားတွေနဲ့ ဝိုင်းတယ်။ ကျွန်တော်တို့ကို သေနတ်ကိုင်ထားတာက တော့ ၃၅၀ လောက်ပါတယ်။ ဒိုင်းတွေ၊ တုတ်တွေကိုင်ထားတာကတော့ ၁၅၀ လောက်ပါတယ်"

ဒေသခံရွာသားတွေဟာ ဒီကနေ့မှာ အာဏာပိုင်တွေကို အချက်နှစ်ချက် တောင်းဆိုခဲ့ပါတယ်။ ပထမ တစ်ချက်က လက်ရှိ ဒေသခံတစ်ဦးရဲ့ ရေတွင်း အသုံးပြုနေတာကို မူလပြောထားတဲ့ အတိုင်း ငွေကြေးပေးပြီး သုံးစွဲဖို့နဲ့ ဒုတိယ အချက်အနေနဲ့ အစိုးရနဲ့ ဒေသခံကြား ဆွေးနွေး ညှိနှိုင်းနေဆဲ ကာလမှာ လုပ်ငန်းကို အကောင်အထည် မဖော်ဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီတောင်းဆိုမှုကိုလည်း အာဏာပိုင်တွေက တင်ပြဆွေးနွေးပေးမယ်လို့ ဒီကနေ့ လာရောက် တားမြစ်စဉ် ပြောကြားသွားတယ်လို့ သိရပါတယ်။

လာရောက်တားမြစ်တဲ့ အထဲမှာ ဆားလင်းကြီး မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မုံရွာခရိုင် ရဲမှူးကြီးတို့ ပါဝင်ပြီး လုံထိန်းကြီးကြပ်ကား (၃) စီး၊ လုံထိန်းကားကြီး (၄) စီး၊ မီးသတ်ကား (၂) နဲ့ လူအင်အား (၅၀၀) နီးပါးလောက် ပါဝင်တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ နှစ်ရက်ကစလို့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ပြန်စမယ်ဆိုပြီး အာဏာပိုင်တွေဘက်က လုံခြုံရေး အယောက် (၁၀၀) လောက်နဲ့ မီးသတ်ကား တစ်စီး လာရောက် နေရာယူထားခဲ့ပြီး မနေ့ကတော့ ကြေးနီ ထုတ်လုပ်ရေး စီမံကိန်း ဆက်လက် အကောင်အထည်ဖော်မယ့် ကိစ္စကို ဟန့်တားဖို့ ကျေးရွာပေါင်း (၁၂) ရွာက ဒေသခံ တစ်ထောင်ကျော်ဟာ လက်ပန်းတောင်းတောင်ကနေ (၄) မိုင်ခွဲလောက်ဝေးတဲ့ ဆားလင်းကြီးမြို့ကို ငြိမ်းချမ်းစွာ ချီတက် လမ်းလျှောက်လာစဉ် လမ်းခုလတ် အရောက်မှာ အာဏာပိုင်တွေရဲ့ တားဆီးပိတ်ပင် ခံခဲ့ရတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။