လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းဖို့ တောင်းဆို

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဒေသခံ ပြည်သူတွေက စီမံကိန်းကြောင့် နစ်နာမှုတွေအတွက် လျော်ကြေးပေးဖို့ မတောင်းဆိုတော့ဘဲ ဒီစီမံကိန်း လုံးဝ ရပ်ဆိုင်းရေးကိုပဲ အလိုရှိတော့တယ်လို့ ဒီနေ့တောင်းဆိုလိုက်ပါတယ်။

2012.09.12
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၀ ရက်က လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း လုံးဝရပ်ဆိုင်းရန် ဒေသခံ ကျေးရွာလူထု တောင်းဆို ဆန္ဒပြနေကြစဉ်။
RFA

ဒါနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေး ဆားလင်းကြီးမြို့နယ်ကို ဒီနေ့လာတဲ့အခါ လမ်းဘေးဝဲယာကနေ ဆန္ဒပြဖို့ ဒေသခံတွေ စောင့်နေခဲ့ပြီး ဝန်ကြီးချုပ်ကို မတွေ့လိုက်ရပေမယ့် ညနေပိုင်းမှာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတယ်လို့ လက်ပံတောင်းတောင် ဒေသခံတွေကို ကူညီနေတဲ့ ကိုဟန်ဝင်းအောင်က RFA ကိုပြောပါတယ်။

"စီမံကိန်းကြောင့်နစ်နာဆုံးရှုံးနေတဲ့ ပြည်သူတွေဟာ မြေယာ လျော်ကြေးတို့၊ ဘာတို့ဆိုတာထက် ဒီလက်ပံတောင်းတောင် ကြေးနီ စီမံကိန်း လုံးဝ ရပ်ဆိုင်းရေးကိုသာ အလိုရှိတော့တယ် ဆိုတဲ့အကြာင်းကို ရွာမှာ အစည်းအဝေး လုပ်ပြီးတဲ့အခါမှာ သူတို့ ဒီနေ့ သဘောထား တစ်ရပ် ထုတ်ပြန်တယ်။ ဒီနေ့ မိုးကြိုးပြင် မြောက် ကျေးရွာရှေ့မှာ ပြည်သူ့ဆန္ဒပြပွဲတစ်ခု လုပ်ပြီး အဲဒီ သဘောထားကို သူတို့ပြောနေတယ်။ စစ်ကိုင်းတိုင်း ဝန်ကြီး ဦးသာအေးက အခု ဆားလင်းကြီးမြို့နယ်က ကျောင်းတစ်ကျောင်းမှာ လာပြီး ဆရာ ဆရာမတွေနဲ့ ဆွေးနွေးပွဲ တစ်ခုလုပ်တယ်။ လုပ်တဲ့ဟာကို ဒီမှာရှိနေတဲ့ လယ်ယာမြေ အသိမ်းခံရတဲ့ ပြည်သူတွေက ဆန္ဒပြဖို့အတွက် မိုးကြိုးပြင် မြောက်ကျေးရွာရှေ့ ကားလမ်းပေါ်မှာ ပြည်သူအင်အား ၆၀၀ ခန့်က စောင့်နေတာ။ သူအဲဒီက ဖြတ်မလာတော့ပဲ တခြားကနေ ပြန်သွားတဲ့အတွက် ပြည်သူတွေက အဲဒီမှာ ကြွေးကြော်သံတွေ တိုင်ပြီး၊ ဆန္ဒပြပြီး ညနေ ၅ နာရီမှာ လူစုခွဲပြီး ပြန်လာတယ်"

တရုတ် ဝမ်ပေါင်ကုမ္ပဏီနဲ့ မြန်မာစစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီ လီမိတက်တို့ ပူးပေါင်းဆောင်ရွက်နေတဲ့ ကြေးနီ တူးဖော်ရေး စီမံကိန်းကြောင့် ဒေသခံတွေ လယ်ယာမြေ အသိမ်းခံရ၊ သီးနှံနဲ့ နှစ်ရှည်ပင်တွေ ဆုံးရှုံးရသလို ရွာ ၄ ရွာ ရွှေ့ပြောင်းပေးရမှာဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးရတဲ့အတွက် ဒေသခံတွေက အခုလို ဆန္ဒပြ တောင်းဆို နေကြတာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ဆက်စပ်ပြီး မုံရွာမြို့မှာ ဘုရားဖူး ဆုတောင်းဖို့ သွားတဲ့လယ်သူမ ၃ ဦးကိုလည်း ဖမ်းထားတဲ့အတွက် သူတို့ကို ပြန်လွှတ်ပေးဖို့ ကျောင်းသားနဲ့ ပြည်သူတွေက တောင်းဆိုနေကြပါတယ်။

မုံရွာအခြေအနေနဲ့ ပတ်သက်လို့ ဗကသများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေး ကော်မတီဝင် မန္တလေးမြို့က ကိုအောင်မှိုင်းဆန်းနဲ့ ဆက်သွယ်မေးမြန်းချက်ကို နားဆင်ပါ။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။