ကြေးနီစီမံကိန်း နစ်နာချက်များ ဖြေရှင်း ဖို့ ဒေသခံတွေတောင်းဆို


2015.05.05

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်မှာ ယန်စီ- မြန်မာကုမ္ပဏီက ဖော်ဆောင်နေတဲ့ စံပယ်တောင်- ကြေးစင်တောင် ကြေးနီစီမံကိန်းကြောင့် နစ်နာရတာတွေနဲ့ ပတ်သက်ပြီး ဒေသခံတွေက ကုမ္ပဏီတာဝန် ရှိသူတွေကို မနေ့က ဖြေရှင်းချက် တောင်းခံခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း နှစ်ဘက် ဆွေးနွေးခဲ့ချိန်က ဒေသခံတွေရဲ့ နစ်နာချက်တွေနဲ့ ပတ်သက်ပြီး ကုမ္ပဏီဘက် က အကြောင်းပြန်မယ်လို့ ပြောဆိုပေမယ့် အခုထိ အကြောင်းမပြန်တဲ့အတွက် ဒေသခံတွေက ဖြေရှင်းချက်တောင်းခံစာ သွားရောက် တင်ပြခဲ့ပါတယ်။ ဒါပေမဲ့ တာဝန်ရှိသူတွေ ခရီးထွက်နေတယ်လို့ပဲ ကုမ္ပဏီက အကြောင်းပြန်တယ် လို့ ဒေသခံကိုယ်စားလှယ်တွေက ပြောပါတယ်။

ဒီ အကြောင်း ကံကုန်းရွာက ဦးတင့်အောင်စိုးက အခုလို ပြောပါတယ်။

"နှစ်ပတ် တစ်ခါ အကြောင်းပြန်ပါ့မယ်ဆိုပြီးတော့ ပြောထားတယ်၊ ဒါတွေကို ဖြေရှင်းပေးဖို့ဆိုပြီးတော့ မန်နေဂျာနဲ့ သွားတွေ့တော့ တာဝန်ရှိသူတစ်ယောက် က မကျေနပ်တာတွေကို ဖြေရှင်းပေးမယ့် တာဝန်ရှိသူတွေက ခရီးထွက်နေတယ်တဲ့ အတွက် သူတို့ပြန်လာမှ ခင်ဗျားတို့ကို တွေ့ဆုံဖြေရှင်းပေး ပါ့မယ်လို့ စာပြန်တယ်"

ဖေဖော်ဝါရီ ၈ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်တွေ၊ ယင်းမာပင်ခရိုင် နဲ့ ဆားလင်းကြီး မြို့နယ်က တာဝန်ရှိသူတွေ၊ မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်နဲ့ မြန်မာယန်စီ ကုမ္ပဏီက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံချိန် မှာ ဒေသခံတွေက နစ်နာချက် တွေ တင်ပြခဲ့ပါတယ်။

အဲဒီတင်ပြချက်တွေကို သီတင်းနှစ်ပတ်အတွင်း အကြောင်းပြန်မယ် ပြောခဲ့ပေမဲ့ အခုထိ အကြောင်း မပြန်တဲ့အတွက် ကုမ္ပဏီကို သွားရောက် အရေးဆိုခဲ့ ကြတာ ဖြစ်ကြောင်းပြောပါတယ်။

ဒေသဖွံ့ဖြိုးရေးအတွက် တစ်နှစ် ဒေါ်လာ ၂ သန်းသုံးမယ်ဆိုတဲ့ ကိစ္စကို မတ်လထဲမှာ အကြောင်းပြန်မယ်၊ ဝန်ထမ်းခန့် တဲ့အခါ ဒေသခံတွေကို ဦးစားပေးမယ် ဆိုတဲ့ ကတိတွေမတည်ခဲ့သလို၊ ကြေးနီ လုပ်ငန်းမှာ အက်ဆစ်သုံးတဲ့အခါ အက်ဆစ်ဖြန်း စနစ်အစား အစက်ချ စနစ်သုံးဖို့ ဒေသခံတွေ တောင်းဆိုခဲ့ပေမဲ့ အက်ဆစ်ဖြန်း စနစ်ကိုသာ ဆက်လက် သုံးစွဲနေတာကြောင့် ကံကုန်းရွာမှာ ရေကောင်းရေသန့်မရရှိတော့တာ စတာတွေ ဖြေရှင်းပေးဖို့ ဒေသခံတွေ က တောင်းဆိုခဲ့ကြပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ကံကုန်းရွာ ဦးတင့်အောင်စိုးကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။