နှာခေါင်းစည်းတွေ ဝယ်မစုဖို့ ကျန်းမာရေးဝန်ကြီးဌာန သတိပေး

နန္ဒာချမ်း
2020.03.27

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာပြီးနောက်ပိုင်း ဒေသတော်တော်များများမှာ နှာခေါင်းစည်းအပါအဝင် ကုန်ပစ္စည်းတွေ ဈေးတက်နေပါတယ်။ အစိုးရကတော့ မလိုအပ်ဘဲ နှာခေါင်းစည်းမတပ်ဖို့နဲ့ ဈေးတင်ရောင်းတဲ့ ဆိုင်ရှင်တွေကိုလည်း သတိပေးထားပါတယ်။

အခုဆိုရင် တချို့ ဒေသတွေမှာ နှာခေါင်းစည်းတွေက ဝယ်လို့မရတဲ့ အခြေအနေပါ။  ဈေးတွေလည်း တက်ကုန်သလို အရင်က ၂ လွှာ နှာခေါင်းစည်းတခုကို ကျပ်ငွေ ၅ဝ နဲ့ ၁ဝဝ ကြားပဲ ရှိပေမယ့် အခု ၇ဝဝ နဲ့ ၁ဝဝဝ ကြားအထိကို ဈေးတွေ အဆမတန် တက်နေတာ ဖြစ်ပါတယ်။

ပြင်ဦးလွင်မြို့ခံ မစုစုမွန် ပြောပြတာကတော့  .....

“နှာခေါင်းစည်းဆိုရင် အကုန်လုံးဝယ်ကြတာ။ ဆေးဆိုင်တွေဆိုရင် လူအပြည့်ပဲ။ အရင်က ၅၀ ပဲ၊ အခုဆိုရင် အဲ့ဒီနေ့တင် ၇၀၀ ပေးဝယ်ခဲ့ပြီးတော့ ဒီနေ့ သွားမေးတော့ ဆေးဆိုင်မှာ ၁၀၀၀ တဲ့။ တခုကို ၁၀၀၀ ဖြစ်သွားတာ။ ပစ္စည်းက မှာရမယ် စောင့်ရမယ်။ ၂ ရက်လောက်။ ဒီစက္ကူအစိုလေးတွေကိုပဲ အပေါက်လေးတွေ ဖောက်ပြီးတော့ သုံးနေရတာ။ ဒီတစ်ရှူးလေးကို ဘေးကနေပြီး အပေါက်ဖောက်လိုက်တယ်။ ပြီးတော့ နားရွက်နှစ်ဖက်ကို ချိတ်ပြီးတော့ လုပ်ပေးရတာ။ အဲ့လိုနဲ့ပဲ သုံးနေရတာ”


လားရှိုးမြို့မဈေးထဲမှာတော့ နှာခေါင်းစည်းတွေ အရင်ကထက် ပိုရောင်းရပေမယ့် သူ့ဆိုင်မှာ ဈေးတင်မရောင်းဘူးလို့ ဆိုင်ရှင်က ပြောပါတယ်။

“ရောင်းကောင်းတယ်ပေါ့နော်။ တခြားပစ္စည်းတွေရော၊ နှာခေါင်းစည်းတွေရော။ ဈေးနှုန်းက ကျမတို့ ပုံမှန်ပဲ။ အခါတိုင်းလည်း ဒီဈေးပဲ။ ဒီနေ့လည်း ဒီဈေးပဲ။ ပိုမရောင်းဘူး”


နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးကတော့ - ပစ္စည်းအရောင်းဆိုင်တွေနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ သတိပေးခဲ့ဖူးပါတယ်။

“ဒီအချိန်မှာ အခွင့်ကောင်းယူပြီး ဈေးကစားတဲ့၊ အကျိုးအမြတ်ရှာတဲ့ လုပ်ငန်းရှင်တွေ ရောင်းချတဲ့သူတွေကို လည်း ကျနော်တို့ အခုကတည်းက သတိပေးပါတယ်။ ကျနော်တို့ ထိထိရောက်ရောက် အရေးယူမှာ ဖြစ်ပါတယ်”

မကွေးတိုင်း စလင်းမြို့နယ် ဆင်ဖြူကျွန်းတိုက်နယ်ဆေးရုံက ဒေါက်တာ ကျော်ထက်အောင် ကတော့ - ဆေးရုံတွေမှာ ကြုံနေရတဲ့ အခက်အခဲကို ပြောပြထားပါတယ်။

“သံသယဖြစ်ဖွယ်လူနာတွေကို ထိတွေ့တဲ့အခါမှာ အသုံးပြုဖို့ပစ္စည်းတွေပေါ့။ အဲ့ဒီပစ္စည်းတွေ မလုံလောက်မှု ပေါ့နော် အဲ့ဒါလေးတွေ အခက်အခဲရှိတယ်ခင်ဗျ။ အထူးသဖြင့် ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းတို့၊ ဗိုင်းရပ်စ်ပိုး ကာကွယ်တဲ့ PPE ဝတ်စုံတို့၊ အဲ့ဒါလေးတွေက မြန်မာနိုင်ငံက ဆေးရုံတိုင်းမှာ မလောက်ငှမှုလေးတွေ ရှိနေပါတယ်”


ဒါကြောင့် စိုးရိမ်စိတ်နဲ့ နှာခေါင်းစည်းတွေကို အလုအယက် ဈေးကြီးပေးဝယ်နေတာတွေ၊ သိုလှောင်နေတာတွေ ကို မလုပ်ကြဖို့ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဒေါက်တာခင်ခင်ကြီးက သတိပေးထားပါတယ်။

“WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ပြောထားပါတယ်။ အခုဆိုရင် နှာခေါင်းစည်းတွေရော၊ PPE တွေရော ပြတ်တောက်နေပါပြီ။ ဈေးတွေကလည်း မြင့်တက်ပြီး ရောင်းချနေတာတွေ ရှိပါတယ်။ ဒါကြောင့် ပြည်သူတွေ အနေနဲ့ မလိုအပ်ဘဲ နှာခေါင်းစည်းကို တပ်ခြင်းဟာ တကယ်လိုအပ်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် အခက်အခဲဖြစ်စေပါတယ်။ တကယ်ဖြစ်လာရင် ဒီကျန်းမာရေးဝန်ထမ်းတွေကပဲ ကုသမှု ပေးရမှာမို့ သူတို့ အတွက် နှာခေါင်းစည်းမလုံလောက်လို့ ကုသမပေးနိုင်ရင် အဲ့ဒီအခါကျမှ ကျမတို့ရဲ့ ခံစစ်ကြီးဟာ ကျသွားမှာ ဖြစ်ပါတယ်”

ကရင်ပြည်နယ် မြဝတီမြို့မှာတော့ - နှစ်လွှာ၊ သုံးလွှာ နှာခေါင်းစည်းတွေ ဝယ်မရတာ၊ ဈေးတက်တာတွေကြောင့် ပြည်တွင်းထုတ် အဝတ်ပိတ်နှာခေါင်းစည်းတွေကို သုံးနေတဲ့အကြောင်း မြဝတီမြို့ခံတဦးကလည်း ပြောပြပါ တယ်။

“နှာခေါင်းစည်း ၁၀၀ လောက်ကို အိမ်တအိမ်မှာ ပိုင်ဖို့အတွက် အသည်းအသန်ဖြစ်နေတာ။ ဘာလို့လဲဆိုတော့ ဈေးက အရမ်းတက်တယ်။ တခုကို ၁၀၀၀ ။ တခါပဲ သုံးရမယ့်ဟာ။ တချို့တွေဆိုရင် မတပ်တော့ဘူး။ တခု ၁၀၀၀ ကို မိသားစု အယောက်စေ့ လိုက်တပ်ရမယ်ဆိုရင် မွဲသွားမယ်လေ။ အဲတော့ အဝတ်ပိတ် နှာခေါင်းစည်းလေးတွေနဲ့ အစားထိုးကြတယ်။ ပြီးရင် ပိုးသတ်ဆေးနဲ့ ပြန်လျှော်တယ်။ အဲ့လိုပဲ သုံးနေတယ်။ ကျနော့် အိမ်မှာလည်း အဲ့ဒီ ပိုးသတ်ဆေးနဲ့ပဲ ဝယ်သုံးနေတယ်”

စက္ကူအစိုဝတ်အပါအဝင် အဝတ်ပိတ်နှာခေါင်းစည်းတွေဟာ ဗိုင်းရပ်စ်ပိုးကို တကယ်တမ်း အကာကွယ် မပေးနိုင်ဘူးလို့ ဒေါက်တာ ခင်ခင်ကြီးက သတိပေးပါတယ်။

“လုံးဝကို မကာကွယ်နိုင်ပါဘူးလို့ပဲ ပြောပါရစေ။ နဂိုကတည်းက ခွဲစိတ်ခန်းနှာခေါင်းစည်းဟာ ၃ လွှာ စက္ကူတွေမှာ ဖိုင်ဘာလေးတွေက အချင်းချင်းယှက်ပြီးတော့ ပြင်ပက ရောဂါပိုးတွေ မဝင်အောင် ကာထားပေးတာပေါ့။ အဲဒီမှာဆိုရင် လုံးဝကို ပိတ်စမပါဘူး။ အခု ပိတ်စတွေနဲ့ ချုပ်တာတို့။ တစ်ရှူးအစိုတို့ ဘာတို့နဲ့ အုပ်တာတို့ ဒါတွေက လုံး၀ အဓိပ္ပါယ်မရှိပါဘူး”


WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနဲ့ အမေရိကန် ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေးဌာန CDC ကလည်း - နှာခေါင်းစည်းတွေကို နေထိုင်မကောင်းဖြစ်သူတွေနဲ့ လူနာပြုစုရသူတွေကလွဲရင် သာမန်ကျန်းမာရေးကောင်း သူတွေအနေနဲ့ တပ်ဖို့ မလိုဘူးလို့ ပြောထားပါတယ်။ လူတိုင်းစိုးရိမ်ကြောက်လန့်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ဖို့ဆိုရင် အဓိက လူစုလူဝေးရှောင်ပြီး၊ လက်ကို မကြာခဏ သေသေချာချာ ဆေးကြဖို့ကိုပဲ တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။