ကိုရိုနာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၂၆ ဦးအထိ ရှိနေ


2020.01.24
coronavirus-622.jpg တရုတ်နိုင်ငံ ပေကျင်းမြို့ ရထားဘူတာရုံက နှာခေါင်းစည်းတပ်ဆင်ထားတဲ့ ဝန်ထမ်းတဦး။
Photo: AFP

တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့က စတင်ပျံ့နှံ့လာတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကြောင့်  သေဆုံးသူ ၂၆ ဦးအထိ ရှိနေပြီး ကူးစက်ခံရသူ ၈၃ဝ ကျော် ရှိလာနေပါပြီ။

မြန်မာနိုင်ငံမှာတော့ ဇန်နဝါရီလ ၂၄ ရက်နေ့အထိ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ မရှိသေးကြောင်း  ဇန်နဝါရီလ ၂၃ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဇန်နဝါရီလ ၂၄ ရက်နေ့ ဝူဟန်-မန္တလေး လေကြောင်းတိုက်ရိုက်ခရီးစဉ်ကို ဖျက်သိမ်းတယ်လို့ China Eastern Airlines က ကြေညာထားပါတယ်။ မန္တလေးမြို့ဟာ တရုတ်နိုင်ငံသားဝင်ရောက်မှု များပြားတဲ့ နေရာတခုဖြစ်ပါတယ်။ ဝူဟန်-မန္တလေး လေကြောင်းတိုက်ရိုက်ခရီးစဉ်က တပတ်ကို နှစ်ကြိမ်ရှိပြီး ဝူဟန်-ရန်ကုန် လေကြောင်းခရီးစဉ်က တပတ်ကို တကြိမ်ရှိပါတယ်။

ဒီဗိုင်းရပ်စ်ပိုး စတင်ဖြစ်ပွားရာ ဝူဟန်မြို့အပါအဝင် အနည်းဆုံး မြို့ကြီး ၉ မြို့ အတွင်း ရောက်နေသူတွေကို အဲဒီမြို့တွေကနေ အပြင်ကို မထွက်ဖို့ တရုတ်အစိုးရက ကြေညာချက်ထုတ်ထားပြီး သွားလာရေး လမ်းကြောင်းတွေကိုလည်း ပိတ်ဆို့ထားပါတယ်။

ဝူဟန်မြို့မှာ ပညာသင်ကြားနေတဲ့  မြန်မာနိုင်ငံသား အယောက် ၆ဝ ကျော်လည်း ပိတ်မိနေပြီး မြန်မာနိုင်ငံ ပြန်ရေး သက်ဆိုင်ရာ မြန်မာသံရုံးကို အကူအညီတောင်းထားတယ်လို့ ကျောင်းသားတဦးက  RFA ကို ပြောပါတယ်။

မြို့တော်ပေကျင်းရှိ မြန်မာသံရုံးကလည်း တရုတ်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေ ဒီရောဂါပိုး ကူးစက်မခံရအောင် တရုတ်အာဏာပိုင်တွေနဲ့ ကျန်းမာရေးဌာနက ထုတ်ပြန်တဲ့ လမ်းညွှန်ချက်တွေကို လိုက်နာဖို့ တိုက်တွန်းထားပါတယ်။

ဒီဗိုင်းရပ်စ်ပိုး ပျံ့နှံ့နေတဲ့ နိုင်ငံ ၈ နိုင်ငံအထိရှိလာနေပါပြီ။ ဗီယက်နမ်၊ စင်္ကာပူ၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ထိုင်းနိုင်ငံ၊ ဆော်ဒီအာရေးဗျ နဲ့ အမေရိကန်ပြည်ထောင်စုတို့မှာ ဒီဗိုင်းရပ်စ်ပိုးကို တွေ့ရှိထားပါတယ်။

ရောဂါပိုး စတင်ပျံ့နှံ့ချိန်ဟာ တရုတ်နှစ်သစ်ကူးပွဲတော် အားလပ်ရက်အတွင်း တရုတ်လူမျိုး သန်းနဲ့ချီပြီး ခရီးသွားလာချိန်နဲ့ တိုက်ဆိုင်နေတာကြောင့် ရောဂါပိုးပျံ့နှံ့ဖို့ ပိုမိုလွယ်ကူနေတယ်လို့ တရုတ်အစိုးရက ထုတ်ပြန်ထားပါတယ်။ ၂ဝဝ၃ ခုနှစ်က တရုတ်နိုင်ငံက စတင်ဖြစ်ပွားခဲ့တဲ့ ဆားစ် (SARS) ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုကြောင့် လူပေါင်း ၈ဝဝ ကျော် သေဆုံးပြီး၊ ကမ္ဘာတဝှမ်းမှာ လူပေါင်း ၈ဝဝဝ နီးပါး ရောဂါကူးစက်ခံခဲ့ရပါတယ်။

ဝူဟန်မြို့မှာ လက်ရှိ ဖြစ်ပွားနေတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံတဝန်းက နယ်စပ် ဝင်ပေါက်၊ ထွက်ပေါက်တွေ အထူးသဖြင့် တရုတ်နယ်စပ်မှာ အဆုတ်ရောင်ရောဂါ၊ အဖျားရောဂါနဲ့ တုပ်ကွေးဆန်တဲ့ ရောဂါလက္ခဏာတွေကို စောင့်ကြပ်ကြည့်ရှုပြီး တုံ့ပြန်ဆောင်ရွက်မှု လုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေတယ်လို့ ဇန်နဝါရီလ ၂၂ ရက်နေ့က ထုတ်ပြန်တဲ့ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရောဂါပိုးကူးစက်မခံရအောင်...

- ဖျားနာ၊ ချောင်းဆိုး၊ နှာချေ စတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေ ခံစားနေရသူတွေနဲ့ နီးကပ်အောင်မနေဖို့၊
- လူထူထပ်တဲ့ နေရာကို မသွားဖို့၊
- နှာချေ၊ ချောင်းဆိုးတဲ့အခါ နှာခေါင်းနဲ့ ပါးစပ်လုံခြုံအောင် ဖုံးထားတဲ့ အဝတ်နဲ့ နှာခေါင်းစည်းအသုံးပြုဖို့၊
- တိရစ္ဆာန်တွေနဲ့ အကာအကွယ်မရှိဘဲ တိုက်ရိုက်မထိတွေ့ဖို့ ..စတာတွေကို လိုက်နာခြင်းဖြင့် ကာကွယ်နိုင်မယ်လို့လည်း မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။