ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရားရေးလုပ်ငန်းမှာ အခက်အခဲရှိလာ

နန္ဒာချမ်း
2020-04-09
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုအန္တရာယ်ကို ထိန်းချုပ်နေတဲ့ကာလအတွင်း စီမံခန့်ခွဲမှု အားနည်းချက်တွေကြောင့် တရားရေးလုပ်ငန်းတွေမှာ အခက်အခဲတွေ ရှိလာနေတယ်လို့ တရားလွှတ်တော်ရှေ့နေတွေက RFA ကို ပြောပါတယ်။

လူစုလူဝေးရှောင်ဖို့၊ မလိုအပ်ဘဲ အပြင်မထွက်ဖို့၊ ပွဲလမ်းသဘင်တွေ မကျင်းပဖို့လို သက်ဆိုင်ရာက ညွှန်ကြားချက်တွေ ထုတ်ပြန်ထားပေမဲ့ - ကြိုတင်အကြောင်းကြားမှုမရှိဘဲ ရုတ်တရက် တရားရုံးချိန်းတွေ ရွှေ့ဆိုင်းလိုက်မှုက - အဆင်မပြေတာတွေ၊ အခက်အခဲတွေနဲ့ ကြုံနေကြရတာပါ။

မတ်လ ၇ ရက် အင်္ဂါနေ့ကဆိုရင် ရန်ကုန်တိုင်း ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်တရားရုံးမှာ အမိန့်ချဖို့ရှိနေတဲ့ တရားခွင်တခုဟာ - ကြိုတင် အကြောင်းမကြားဘဲ ရက်ရွှေ့ဆိုင်းခဲ့တဲ့အတွက် အင်းစိန်ထောင်ထိ သွားခဲ့ရပြီး၊ အဲဒီမှာလည်း အခက်အခဲတချို့ ကြံုခဲ့ရတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်မြင့်က ပြောပါတယ်။

“၁ ရက်နေ့ကနေ ၈ ရက်နေ့အထိ အခက်အခဲတခုကို ကျနော်ပြောချင်ပါတယ်။ အဲ့ဒီအခက်အခဲက အမိန့်ပေါ့။ အမိန့်ချမှတ်ရမယ့် အမှုတခု ကျနော့်ဆီမှာ ရှိတယ်။ ကျနော်လိုက်နေတဲ့အမှု။ ကျနော့်အမှုသည်ကလည်း အမိန့်ကို ချစေချင်တယ်။ ဒါပေမဲ့ ကျနော့်အမှုသည်ကို ရုံးမထုတ်တဲ့အတွက်ကြောင့်မို့ ကျနော် အင်းစိန်ထောင် အထိကို လိုက်သွားရတယ်။ အင်းစိန်ထောင်ထိ လိုက်သွားတဲ့အချိန်မှာလည်း ဘယ်နေ့မှာ အမိန့်ချမယ်ဆိုတာ ကိုလည်း ကျနော့်ကို ထောင်က တွေ့ခွင့်မပေးခဲ့ဘူး။ Covid-19 ကြောင့်ဆိုပြီးတော့ တွေ့ခွင့်မပေးခဲ့ဘူး”

“အမိန့်ချခါနီး အမှုတခုကို ကျနော်ဖြစ်စေချင်တာကတော့ အမိန့်မချဖြစ်ရင်လည်း ကျနော်တို့ကို ကြိုတင် အကြောင်းကြားသင့်တယ်လို့ ထင်ပါတယ်။ ကိုယ်စားလှယ်ပါ၀ါတင်ကတည်းက ကျနော်တို့ရဲ့လိုင်စင်ကို မိတ္တူလည်းပေးရတယ်။ မိတ္တူနဲ့အတူ ကျနော်တို့ရဲ့တံဆိပ်တုံးမှာ ဖုန်းနံပါတ်ပါတယ်။ အဲ့လိုမျိုးရုံးချိန်းတွေဆိုရင် တွေ့လို့မရဘူး၊ သွားလို့မရဘူး၊ တရားသူကြီးကနေ ထောင်ကို ရမန်သွားပေးမယ်ဆိုတာတွေကို စာရေးကနေ အချိန်မီ အကြောင်းကြားစေချင်ပါတယ်။ ဒါကတော့ ကျနော်ဖြစ်စေချင်တဲ့အပိုင်းပါ”

အင်းစိန်ထောင်မှာလည်း စည်းကမ်းချက်အသစ်တွေ ထုတ်ပြန်ထားတဲ့အတွက် အမှုသည်နဲ့ တွေ့ခွင့်မရခဲ့ဘူးလို့ ရှေ့နေ ဦးအောင်ကျော်မြင့်က ပြောပြပါတယ်။

“အရင်နဲ့ ဘာကွာလဲဆိုတော့ ဝင်ပေါက်ထွက်ပေါက်တွေမှာတော့ အပူချိန်တိုင်းတာတွေရှိတယ်။ လက်ရှိ အခြေအနေအရဆိုရင် မိသားစုဝင် ၂ ဦး၊ ၃ ဦး တွေ့ခွင့်ရတယ်။ အခုကတော့ တပတ်ကိုတကြိမ်ပဲ တွေ့ခွင့်ရမယ်။ ပြီးတော့ လူ ၁ ဦးပဲ တွေ့ရမယ်။ စပီကာနဲ့ကို အော်ပြီးတော့ ဧည့်တွေ့ဆောင်မှာ အသိပေးနေ တာပေါ့နော်။ ဒါကတော့ ထူးခြားတဲ့အချက်တွေပါ။ ကမ္ဘာ့ကပ်ရောဂါကာလမှာပေါ့လေ အဲ့လိုမျိုး မြင်ခဲ့ရပါ တယ်။ ကျနော့်အမှုသည်နဲ့လည်း ကျနော် တွေ့ခွင့်မရခဲ့ပါဘူး။ ဒါကတော့ ရှေ့နေတွေကိုလည်း တွေ့ခွင့်ပိတ် ထားပါတယ်ဆိုပြီးတော့ ထောင်က အရာခံအဆင့်ရှိတဲ့ ဗိုလ်က ကျနော့်ကို ပြောလိုက်တာပါ။ ကျနော်ကတော့ ၁ဝ ရက်နေ့ကနေ ၁၉ ရက်နေ့အထိက ညွှန်ကြားချက်တွေထွက်ပြီးတော့မှ သတ်မှတ်ထားတဲ့စည်းကမ်း ဘယ်မှ မသွားရဘူး၊ မလာရဘူးဆိုတာ - အဲ့ဒီမတိုင်ခင် ၇ ရက်နေ့ကတည်းက တွေ့ခွင့်မရခဲ့တာမို့ ၁၉ ရက်နေ့ နောက်ပိုင်းမှာ ကျနော့်အမှုသည်နဲ့ ထပ်မံတွေ့ဖို့ ကြိုးစားသွားမှာပါ”

အကျဉ်းထောင်တွေမှာ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကို ကာကွယ်နိုင်ဖို့အတွက် အကျဉ်းသားဦးရေ လျှော့ချဖို့၊ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ HRW လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ကြီးက အစိုးရကို တိုက်တွန်းထားတာဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့