ကပ်ရောဂါကြောင့် ကချင်ပြည်နယ်က ပြည်တော်ပြန်တွေ အလုပ်လက်မဲ့ဖြစ်နေ

အဲလိဇဘက်ဂျန်မာ
2020.06.26

ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ရာကနေ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် အလုပ်လက်မဲ့ဖြစ်ပြီး ကချင်ပြည်နယ်ကို ပြန်လာတဲ့ မြန်မာနိုင်ငံသား တစ်ထောင်နီးပါး ရှိနေပါပြီ။ နေအိမ်ပြန်ရောက်ပေမယ့်လည်း အများစုက အလုပ်လက်မဲ့ဖြစ်နေကြတဲ့အတွက် အခက်အခဲ တွေ့နေကြရပါတယ်။

ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ပြီး  မြဝတီနယ်စပ်ဂိတ်ကတစ်ဆင့် ကချင်ပြည်နယ်ကို ပြန်လာသူတွေဟာ မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးကောင်း၊ ဗန်းမော်၊ ဖားကန့်၊ မိုးညှင်း၊ ရွှေကူ၊ ပူတာအို စတဲ့ မြို့နယ်တွေက ဒေသခံတွေ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိုင်းနိုင်ငံမှာ စက်ရုံအလုပ်ရုံတွေ ရပ်နားသွားပြီးနောက် ဝမ်းရေးအတွက် ပြည်ပမှာ ဆက်ပြီးရပ်တည်ဖို့ ခက်ခဲနေတဲ့အတွက် ပြန်လာကြတာလည်း ဖြစ်ပါတယ်။

အထည်ဆိုင်တစ်ခုမှာ အလုပ်လုပ်ပြီး ပြန်လာတဲ့ ဦးကိစ္စနား ကတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သူအလုပ်လုပ် နေတဲ့ဆိုင် ပိတ်လိုက်တဲ့အတွက် နေအိမ်အခန်းခတောင် မပေးနိုင်တော့လို့ ပြန်လာတာလို့ ပြောပါတယ်။

ကိုယ့်နိုင်ငံကို ပြန်ရောက်လာပေမယ့် သူတို့အတွက် အလုပ်တစ်ခု ပြန်ရဖို့ဆိုတာကတော့  မလွယ်ကူလှပါဘူး။

ထိုင်းနိုင်ငံမှာ အလုပ်အဆင်မပြေလို့ ပြန်လာခဲ့ပေမယ့် ကိုယ့်နိုင်ငံမှာလည်းအလုပ်မရှိတော့ အိမ်အလုပ်ကိုပဲ လုပ်ရမှာပဲလို့ ဦးဟာရီပါရ်ဆပ်က ပြောပါတယ်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ ဒုတိယညွှန်ကြားရေးမှုး ဦးတင်နိုင်ကတော့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ဖို့အတွက် ပြည်နယ်အတွင်းက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

ထိုင်းနဲ့ တရုတ်နိုင်ငံတွေမှာ အလုပ်အဆင်မပြေလို့ပြန်လာကြသူတွေ ကချင်ပြည်နယ်ကို ပြန်ရောက်လာကြရာမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် ပြည်နယ်အစိုးရက ၂၁ ရက်တာ အသွားအလာ ကန့်သတ်ထားပါတယ်။
လက်ရှိအချိန်ထိကတော့ ထိုင်းနိုင်ငံကနေ ကချင်ပြည်နယ်ကို ပြန်လာကြတဲ့သူတွေထဲမှာ ကိုရိုနာဗိုင်း ရပ်စ် ရောဂါပိုး တွေ့ရှိသူ မရှိသေးပါဘူး။

ဧပြီလဆန်းပိုင်းကစပြီး ထိုင်းနိုင်ငံတင်မကဘဲ  တရုတ်နိုင်ငံမှာ အလုပ်လုပ်ပြီး ကချင်ပြည်နယ် နယ်စပ်ဂိတ်တွေ ကနေ ပြန်လာကြတဲ့ မြန်မာနိုင်ငံသား အလုပ်သမား ရှစ်ထောင်ကျော် ရှိပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။