ခန္ဓာကိုယ် အပူချိန်မြင့်တက်နေသူ နှစ်ဦးကို မူဆယ်ဆေးရုံမှာ စောင့်ကြည့်နေ

အောင်သိင်္ခ
2020.01.27
muse-622 တရုတ် - မြန်မာ နယ်စပ်က မူဆယ်မြို့ကို တွေ့ရစဥ်
ဓါတ်ပုံ - ကံသာ/ RFA
တရုတ်-မြန်မာနယ်စပ်က မူဆယ် မန်ဝင်းနဲ့ ဆင်ဖြူ လူဝင်မှုကြီးကြပ်ရေး စစ်ဆေးရေးဂိတ်မှာ ကိုယ်အပူချိန် မြင့်တက်နေသူ နှစ်ဦးကို ဒီနေ့မနက်က စစ်ဆေးတွေ့ရှိတာကြောင့် စောင့်ကြည့်စစ်ဆေးနေပါတယ်။

တရုတ်နိုင်ငံမှာ အလုပ်လုပ်ပြီး မြန်မာနိုင်ငံကို ပြန်ဝင်လာသူ နှစ်ဦးမှာ ကိုယ်အပူချိန် မြင့်တက်နေတာကြောင့် မူဆယ်ခရိုင်ဆေးရုံကြီးမှာ ဒီနေ့မနက်က ခေါ်ယူစစ်ဆေးခဲ့တာဖြစ်ကြောင်း မူဆယ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက RFA ကို ပြောပါတယ်။

ခေါ်ယူစစ်ဆေးခဲ့သူတွေဟာ မွန်ပြည်နယ် ပေါင်မြို့နယ်မှာ နေထိုင်တဲ့ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်မှာ နေထိုင်တဲ့ အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးဖြစ်ပါတယ်။

စစ်ဆေးခဲ့သူ နှစ်ဦးထဲက အသက် ၂၀ အရွယ် အမျိုးသားဟာ ဆေးရုံရောက်ချိန်မှာ ပုံမှန် ကိုယ်အပူချိန် ဖြစ်နေတာကြောင့် ပြန်လည်စေလွှတ်လိုက်ပြီး၊ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးဟာ ပြီးခဲ့တဲ့ နှစ်ရက်လောက်က တရုတ်နိုင်ငံအတွင်းမှာ ဖျားနာခဲ့ကြောင်း သိရှိရတဲ့အတွက် မူဆယ် ခရိုင်ဆေးရုံကြီးမှာ ဆက်လက် စောင့်ကြည့်စစ်ဆေးနေကြောင်းလည်း ဦးကျော်စိုးက ပြောပါတယ်။

မနေ့ကလည်း ရှမ်းပြည်နယ် ညောင်ရွှေမြို့မှာလည်း တရုတ်နိုင်ငံသူ ခရီးသွား ဧည့်သည် တစ်ဦး ဝမ်းပျက် ဝမ်းလျောဖြစ်ပြီး ဖျားနာခဲ့တာကြောင့် ညောင်ရွှေမြို့နယ်ဆေးရုံ သီးသန့်ဆောင်မှာ ထားရှိပြီး စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း Lay Nge ညောင်ရွှေသတင်းစုံ ဖေ့ဘုတ်လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးကို RFA က ဆက်သွယ်မေးမြန်းရာမှာ တရုတ်နိုင်ငံသူ အမျိုးသမီး တစ်ဦးကို စောင့်ကြည့်နေကြောင်း သတင်းကြားရပေမယ့် အသေးစိတ်ကို မသိရကြောင်းသာ ပြောပါတယ်။

အလားတူ ကချင်ပြည်နယ် လွယ်ဂျယ်မြို့မှာလည်း ပြီးခဲ့တဲ့ ၁၁ ရက်လောက်က ဝူဟန်မြို့ကနေ ပြန်လာတဲ့ မြန်မာနိုင်ငံသား တစ်ဦးကိုလည်း ဖျားနာမှု မရှိပေမယ့် စောင့်ကြည့်နေကြောင်း ကချင်ပြည်နယ် အခြေစိုက် မြစ်ဖျားဧရာ သတင်းဌာနက ရေးသားပါတယ်။

ကချင်ပြည်နယ်နဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ တရုတ်နိုင်ငံ ထိန်ချုံးမြို့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရနိုင်တဲ့ သံသဃလူနာ နှစ်ဦးကို တွေ့ရှိထားပြီး ထိန်ချုံဆေးရုံမှာ စောင့်ကြည့်နေပါတယ်။

ဒါကြောင့် ထိန်ချုံးမြို့နဲ့ နယ်နိမိတ် ဆက်နေတဲ့ ကန်ပိုက်တီဂိတ်မှာလည်း လူအဝင်အထွက်တွေကို စစ်ဆေးနေတယ်လို့ ကချင်ပြည်နယ် အစိုးရအဖွဲ့က ပြောပါတယ်။

ဒါ့အပြင် ကန်ပိုက်တီ နယ်စပ်ဂိတ်မှာ အဝင်အထွက်တွေကို ပိတ်ထားဖို့ အစိုးရကို တင်ပြထားကြောင်း ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးနေဝင်းက RFA ကို ပြောပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဝေဘာဂီ ကူးစက်ရောဂါ အထူးကု ဆေးရုံအုပ်ကြီး ပါမောက္ခ ဒေါက်တာ စံပယ်ဖြူကတော့ ကိုယ်အပူချိန်မြင့်တက်နေသူ နှစ်ဦးကို မူးဆယ်မြို့မှာ တွေ့ရှိတာကြောင့် စောင့်ကြည့်စစ်ဆေးခဲ့တယ်ဆိုတဲ့ အကြောင်းကို မသိရသေးကြောင်း RFA ကို ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူတွေရှိလာရင် ကုသနိုင်ဖို့အတွက် ပြင်ဆင်ဆောင်ရွက်ထားကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြောဆိုထားပါတယ်။

ရန်ကုန်မြို့မှာဆိုရင် ရောဂါပိုး ကူးစက်ခံရသူတွေရရှိရင် ဝေဘာဂီ ကူးစက်ရောဂါကုသရေးဆေးရုံမှာ သီးခြားကုသပေးနိုင်ရေး ဆောင်ရွက်ထားရှိကြောင်း ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာန ဒုတိယ ညွန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းမြင့်က RFA ကို ပြောပါတယ်။

တရုတ်နိုင်ငံမှာ ဝူဟန်မြို့က စတင်ပျံ့နှံ့ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ပိုးကူးစက်ခံရသူတွေဟာ တရုတ်နိုင်ငံထဲမှာ အများအပြားရှိနေပြီး ရောဂါ ကူးစက်ခံရသူ ၂၇၀၀ ကျော်ထဲက မနေ့ကအထိ သေဆုံးသူ ၈၀ ဦးအထိ ရှိလာပါတယ်။

တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်ရဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ စနေနေ့က ထုတ်ပြန်ချက်မှာ သေဆုံးသူဟာ ၅၆ ဦးသာရှိခဲ့ရာကနေ ဟာဘေးမြို့မှာ ၂၄ ဦး ထပ်မံသေဆုံးသွားခဲ့တာလို့ သိရပါတယ်။

ဝူဟန်မြို့မှာ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် လက်ရှိအချိန်ထိ သေဆုံးသူတွေနဲ့ ရောဂါပိုးကူးစက်ခံရသူ အရေအတွက် သိသိသာ တိုးတိုးလာတဲ့အပြင် ရောဂါပိုးကူးစက်ခံရနိုင်ကြောင်း သံသဃဖြစ်ဖွယ်လူနာ တရုတ်နိုင်ငံအတွင်းမှာ ၅၇၀၀ ကျော်လည်း ရှိလာပါတယ်။

ရောဂါပိုးကူးစက်ခံခဲ့ရသူတွေထဲက ၅၁ ဦးကတော့ သက်သာပျောက်ကင်းသွားပြီးလို့လည်း ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ လူသားအချင်းချင်း ကူးစက်နိုင်ကြောင်း အတည်ပြုထားပြီး ရောဂါ စတင်ဖြစ်ပွားခဲ့တဲ့ ဝူဟန်မြို့ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့ထဲက ဝင်ထွက်သွားလာခွင့်ပိတ်ခဲ့တဲ့ အပြင် အခုနောက်ပိုင်းမှာလည်း တရုတ်နိုင်ငံတွင်းက မြို့ပေါင်း ၁၅ ခုထက်မနည်း ဝင်ထွက်၊ သွားလာခွင့်တွေကို တရုတ်အစိုးရက ပိတ်ထားပါတယ်။

အင်တာနက်လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေတဲ့ ပုံတွေအရ ရောဂါ ကူးစက်ခံရမှုမရှိသေးတဲ့ မြို့နဲ့ ကျေးရွာတချို့ဟာ သူတို့ဆီကို ဝင်ထွက်သွားလာနိုင်တဲ့ လမ်းမကြီးတွေကို ပိတ်ဆို့နေတာတွေကိုလည်း တွေ့နေရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူတွေဟာ တရုတ်နိုင်ငံအပြင် ဟောင်ကောင်၊ ထိုင်း၊ ပြင်သစ်၊ စင်ကာပူ၊ ဂျပန်၊ မလေးရှား၊ ထိုင်ဝမ်၊ မကာအို၊ တောင်ကိုရီးယား၊ ဗီယက်နမ်၊ အမေရိကန် ပြည်ထောင်စုတွေမှာလည်း ရှိနေပါတယ်။

ကမ္ဘာကျန်းမာရေးအဖွဲ့ WHO ကတော့ တရုတ်နိုင်ငံကို အရေးပေါ် အခြေအနေအဖြစ် သတ်မှတ်ထားပြီး ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရမှု ထိန်းချုပ်နိုင်ရေးအတွက် WHO ညွှန်ကြားရေးမှူးချုပ်က တရုတ်အစိုးရ တာဝန်ရှိသူတွေကို ဒီနေ့သွားရောက်တွေ့ဆုံမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့နယ်အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူတွေ့ရှိပြီး ရွှေလီပြည်သူဆေးရုံမှာ ကုသပေးနေကြောင်း နယ်စပ်မှာ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အဲဒီသတင်းတွေကြောင့် ရွှေလီမြို့နဲ့ နယ်မြေထိစပ်နေတဲ့ မူဆယ်မြို့ဒေသခံတွေကြားမှာ စိုးရိမ်မှုတွေမြင့်တက် နေပါတယ်။

မူဆယ်ခရိုင် အုပ်ချုပ်ရေးတာဝန်ရှိသူ တစ်ဦးက လတ်တလောမှာ နယ်စပ်ဂိတ်တွေကို ပိတ်ထားတာမျိုးတော့ မရှိဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ တရုတ်ဘက်ကို သွားလာမှုတွေတော့ နည်းသွားတယ်လို့ ဆိုပါတယ်။

ကျန်မာရေးဌာနတာဝန်ရှိသူတစ်ဦးကတော့ လက်ရှိ တရုတ်နယ်စပ် ဂိတ်ပေါက်တွေဖြစ်တဲ့ ချင်းရွှေဟော်၊ မူဆယ်ဂိတ်ပေါက်တွေမှာ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

လက်ရှိအချိန်ထိ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ ထိုင်းနိုင်ငံတွေမှာ ရောဂါပိုးကူးစက်ခံရသူတွေ ရှိနေပေမယ့် မြန်မာနိုင်ငံမှာ ရောဂါကူးစက်ခံရသူ မတွေ့ရသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက သတင်းမီဒီယာတွေကို ပြောဆိုထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုး စတင်ပျံ့နှံ့ခဲ့တဲ့ ဝူဟန်မြို့ကနေ ရန်ကုန်နဲ့ မန္တလေးမြို့တွေကို တိုက်ရိုက်ပျံသန်းနေတဲ့ လေကြောင်းခရီးစဉ်တွေကိုလည်း ဖျက်သိမ်းထားပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။