အက်ဆစ်နဲ့တိုက်ခိုက်မှု ခုနှစ်လအကြာမှာ ပန်းတနော် တရားရုံးကိုရောက်

သန့်ဇင်ဦး
2020.05.19

ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်မှာ အက်ဆစ်ပက် တိုက်ခိုက်ခံခဲ့ရတဲ့ မလဲ့လဲ့ဝင်းရဲ့အမှုအတွက် တိုင်ကြား ထားတဲ့အမှု လေးခုကို  ဖြစ်စဉ်ဖြစ်ပြီး ၇ လအကြာ မေလ ၁၉ ရက်နေ့ ဒီနေ့မှာ မြို့နယ်တရား ရုံးကို စတင်တရားစွဲဆို တင်ပို့လိုက်ပါပြီ။

ပြစ်မှုကျူးလွန်တယ်လို့ ယူဆရတဲ့ အရပ်သား နှစ်ယောက်ကို အိမ်ကျော်နင်းမှု၊ ခြိမ်းခြောက်မှု၊ ဆဲဆိုမှုတွေနဲ့ အရေးယူပေးဖို့နဲ့ ပန်းတနော်ရဲစခန်းက ရဲဝန်ထမ်း နှစ်ဦးကိုတော့ လောင်းကစားအားပေးမှု၊ ခြိမ်းခြောက်မှု၊ ဆဲဆိုမှုတွေနဲ့ အမှုဖွင့်ခဲ့တာပါ။

ဒါပေမဲ့ ဒီနေ့တရားရုံးကို အမှုစတင်ရောက်ရှိချိန်မှာတော့ ဥပဒေရုံးကနေတင်လာတဲ့ တရားစွဲမယ့်စာရင်းမှာ တိုင်ကြားထားသူလေးယောက်ထဲက အဓိကသံသယရှိသူတစ်ယောက်ဘဲ တရားစွဲဆိုထားတာကို တွေ့ရတယ်လို့ မလဲ့လဲ့ဝင်း ကပြောပါတယ်။

"ဒီနေ့ ကျွန်မရဲ့အမှုကို ပန်းတနော်မြို့နယ်တရားရုံးမှာ အမှုစွဲတင်ပါတယ်၊ ကျွန်မရဲ့ရှေ့နေက ကျောင်းကုန်း က ကိုစည်သူကျော်မင်းပါ၊ ကျွန်မအမှုတွဲစွဲတင်တာကတော့ တိုင်ထားတာက တရားခံက လေးယောက် ပေါ့နော်၊ ဒါပေမဲ့ ကျွန်မက လေးဦးစလုံးလို့ထင်တာပေါ့နော်၊ ဒါပေမဲ့ တကယ့်တကယ် ရုံးခန်းထဲဝင်တဲ့အချိန် ကျတော့မှ ဒေါ်မြင့်မြင့်မော် တစ်ယောက်တည်းကိုပဲ ပုဒ်မလေးခုပေါ့ ၄၅၁၊ ၂၉၄၊ ၅၀၆ ၊ ၁၁၄ ဒီပုဒ်မတွေနဲ့ ဒေါ်မြင့်မြင့်မော်တစ်ယောက်တည်းကိုပဲ စွဲတင်ထားတယ်လို့ပဲသိရတယ်၊"

ဒါကြောင့် သူအမှုဖွင့်ထားတဲ့အထဲက သုံးလောက်ကျန်ခဲ့တဲ့ကိစ္စကိုလည်း မကြာခင် ဥပဒေအတိုင်း ဆက်လုပ် ဆောင်သွားမယ်လို့ မလဲ့လဲ့ဝင်း က ဆိုပါတယ်။

၂၀၁၉ ခုနှစ် အောက်တိုဘာလမှာဖြစ်ခဲ့တဲ့ ဒီဖြစ်စဉ်အတွက် ငါးလအကြာ ၂၀၂၀ ပြည့်နှစ် မတ်လ ၁၉ ရက်မှာမှ  ပန်းတနော်ရဲစခန်းမှာ အမှုဖွင့်ခွင့်ရခဲ့သလို အခု ခုနှစ်လအကြာမှာမှ တရားရုံးကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။

မလဲ့လဲ့ဝင်းအတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေဦးစည်သူကျော်မင်း ကို RFA က ဆက်သွယ်ဖို့ ကြိုးစားပေမယ့် ဒီနေ့ဟာ ရှေ့နေပါဝါတင်တာနဲ့ အမှုတွဲတွေကူးတာလောက်ပဲလုပ်တာဖြစ်လို့ နောက်အပတ် ရုံးချိန်အပြီးမှာ ဖြေဆိုပေးမယ်လို့ ပြန်လည်ပြောကြောင်း မလဲ့လဲ့ဝင်း ထံကသိရပါတယ်။

တရားစွဲခံရတဲ့ မမြင့်မြင့်မော် ဆိုသူကိုတော့ အာမခံပေးလို့ရတဲ့အမှုတွေဖြစ်တာကြောင့် တရားရုံးက သိန်း ၂၀၀ ကျပ်နဲ့ အာမခံပေးလိုက်တယ်လို့ သိရပါတယ်။

အက်ဆစ်ပက်တိုက်ခိုက်ခံရပြီး အမှုဖွင့်ပြီး ဥပဒေကြောင်းအရာ အကာကွယ်ယူခွင့်မရဘဲ နစ်နာနေရတဲ့ မလဲ့လဲ့ဝင်းရဲ့အကြောင်းကို ဖေဖော်ဝါရီလမှာ RFA က ထုတ်လွှင့်ခဲ့ပြီးဖြစ်ပါတယ်။

ပန်းတနော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမန်းညွန့်သိန်းက RFA ရဲ့ ရုပ်သံသတင်းကို ကြည့်ပြီးနောက် အမှုမှန် အမြန်ဆုံးပေါ်အောင် ကူညီနိုင်ဖို့ ပြည်ထောင်စုလွှတ်တော်ရဲ့   ပြည်ထောင်စု ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ထံ မတ်လ ၁၇ ရက်နေ့မှာ တင်ပြခဲ့ပါတယ်။

ဒီတင်ပြမှုအတွက် ပြည်ထောင်စုလွှတ်တော်ရဲ့   ပြည်ထောင်စု ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့က မေလ ၁၈ ရက်နေ့ မနေ့မှာ အမှုအမြန်ပေါ်အောင်ဆောင်ရွက်ပေးဖို့ တိုင်းရဲတပ်ဖွဲ့ထံ စာပေးပို့ အကြောင်းကြား ခဲ့တယ်လို့ ဦးမန်းညွန့်သိန်းက RFA ကိုပြောပါတယ်။

"ဒီအမှုကိုတဲ့ တိုင်းရဲတပ်ဖွဲ့မှူးရုံးကိုလွှဲပေးတယ်၊ တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဒါကိုဆက်လက်ဆောင်ရွက် ဖို့ပေါ့လေ၊ ဆောက်ရွက်ပြီးရင်လည်း ဆောင်ရွက်တဲ့ဟာကိုအကြောင်းပြန်ဖို့ ပြည်ထောင်စုဥပဒေ အထောက်အကူပေးရေးအဖွဲ့က အဲလိုတော့စာလာတယ်၊ မနေ့ကစာရောက်တာပေါ့၊ ဒီဟာအမှန်တကယ် ထိခိုက်နစ်နာတယ်ဆိုတာ ပေါ်လွင်နေပြီ၊ နောက်တခါ မြို့နယ်ရဲတပ်ဖွဲ့ကလည်း စုံစမ်းစစ်ဆေးမှုမှာ ကြန့်ကြာနေတယ်၊ ဟုတ်တယ်မလား၊ ပြည်ထောင်စုဥပဒေအထောက်အကူပြုအဖွဲ့က သုံးသပ်ပြီးတော့ ဒါကိုတိုင်းကနေ ဖိဖိစီးစီးဆောင်ရွက်ဖို့ပေါ့ အဲတာကို၊ သူတို့တိုင်းက ရဲတပ်ဖွဲ့မှူးက ဘာလုပ်မလဲ ပြန်ကြည့်မယ်လေနော်။"

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ အမှုအခြေအနေကို စောင့်ကြည့်နေမှာဖြစ်တယ်လို့ ဦးမန်းညွန့်သိန်း ကဆိုပါတယ်။

မလဲ့လဲ့ဝင်းရဲ့ဖြစ်စဉ်အတွက် နောက်ထပ်ရုံးချိန်းကို မေလ ၂၉ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်ပါတယ်။

မလဲ့လဲ့ဝင်းဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၂၄ ရက်နေ့ညက ပန်းတနော်မြို့လယ်ခေါင်အိမ်ရှေ့မှာ ရှိနေတုန်း မော်တော်ဆိုင်ကယ်နဲ့ လူနှစ်ယောက် ရောက်လာပြီး အက်ဆစ်နဲ့  ပက်သွားလို့ မလဲ့လဲ့ဝင်းရဲ့ မျက်နှာတစ်ခုလုံးနဲ့ ခန္ဓာကိုယ်တစ်ခုလုံးနီးပါး အရေပြားပျက်စီးသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။