ကြံ့ခိုင်ရေးပါတီဝင်ကို အန်အယ်လ်ဒီ တရားစွဲဆိုမှု ပယ်ချခံရ


2014.10.10

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဂုဏ်သိက္ခာကို ကျဆင်းစေတယ်ဆိုပြီး မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီဝင်တစ်ဦးအပေါ် တရားစွဲထားတဲ့အမှုကို ဆိပ်ဖြူမြို့နယ် တရားရုံးက ကြာသပတေးနေ့ မနေ့က ပယ်ချလိုက်ပါတယ်။

ဒီအမှုမှာ တရားလိုအဖြစ် တရားစွဲခဲ့တဲ့ တပေါင်းကျေးရွာ အန်အယ်လ်ဒီ ရပ်/ကျေး စည်းရုံးရေးမှူးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေတာမရှိဘူးဆိုပြီး တရားရုံးက ပယ်ချလိုက်တာဖြစ်တယ်လို့ ဆိပ်ဖြူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးကံကောင်းက RFA ကို ပြောပါတယ်။

"အမှုမှာ တရားသူကြီးဆိုလိုတာက NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထိခိုက်တယ်ဆိုသော်လည်းပဲ တရားလိုလုပ်တဲ့ ကိုတင်ထွန်း ရပ်ကျေးစည်းရုံးရေးမှူး NLD ကနေတင်ပြတဲ့ လူမှာတော့ ထိခိုက်နစ်နာမှုမရှိဘူးလို့ ယူဆတဲ့အတွက် ဒီအမှုကိုပလပ်လိုက်တယ်တဲ့၊ ဒါကို မကျေနပ်ဘူးဆိုရင်တော့ သူ့ထက်အဆင့်မြင့်တဲ့ ခရိုင်တရားရုံးကို ဆက်လက်ပြီးတော့ အမှုကိုစွဲဆိုနိုင်ပါတယ်တဲ့"

ဆိပ်ဖြူမြို့နယ်၊ တပေါင်းကျေးရွာမှာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ကောက်ယူပွဲကို  ပြီးခဲ့တဲ့ ဇွန်လအတွင်း ကျင်းပခဲ့ချိန်က ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ မြို့နယ်အလုပ်အမှုဆောင် တစ်ဦးက ပါဝင်လက်မှတ် ထိုးခြင်း မပြုကြဖို့နဲ့ လက်မှတ်ထိုးမယ်ဆိုရင် ဗုဒ္ဓဘာသာ ကွယ်ပျောက်သွားနိုင်ကြောင်း ရေးသားထားတဲ့ လက်ကမ်းစာစောင်တွေကို ဖြန့်ဝေခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလက်ကမ်းစာစောင်ဖြန့်ဝေသူကို အသရေဖျက်မှုနဲ့ မြို့နယ်တရားရုံးမှာ NLD က တရားစွဲခဲ့တာဖြစ်ပြီး အခုလို ပယ်ချခံလိုက်ရပေမယ့် ခရိုင်တရားရုံးကို အယူခံဝင်မယ်လို့ သိရပါတယ်။

မကွေးတိုင်း ပေါက်မြို့နယ်မှာလည်း NLD က အလားတူတရားစွဲဆိုမှုရှိခဲ့ပြီး ၃ ကြိမ်မြောက်ရုံးချိန်းမှာ မြို့နယ်တရာရုံးက အမှုကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။