နာဂစ်မုန်တိုင်းမှာ သေသူများကို သြင်္ဂိုဟ်ပေး၍ ထောင်ကျခဲ့သူ ၂ ဦးကို ဂုဏ်ပြု
2011.02.24

အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဂုဏ်ပြုပွဲမှာ ပါဝင်ခဲ့တဲ့ ကဗျာဆရာ ဆရာငြိမ်းသစ်က RFA ကို အခုလို ပြောပါတယ်။
“တော်ဘုရားလေးရဲ့ ဇနီး ဖွားမေနဲ့ သမီး ဒေဝီသန့်စင်တို့ကနေပြီးတော့ ကိုနေဝင်းနဲ့ ဇနီးရယ်၊ ကိုအောင်ကျော်ဆန်းနဲ့ ဇနီးရယ်ကို သူတို့ကို ဂုဏ်ပြုလက်ဆောင် ကျောက်စီ ပန်းချီကား တချပ်စီနဲ့ လောကနတ် ပုံပါတဲ့ ရွှေချည်ထိုး ပန်းချီတချပ်စီပေါ့လေ၊ အဲဒါကို လက်ဆောင်ပေးပါတယ်။”
“သူတို့ရဲ့ မွန်မြတ်တဲ့ လုပ်ရပ်ရယ်၊ နောက် သူတို့ရဲ့ ရဲဝံ့ စွန့်စားတဲ့ သတ္တိတွေကို ဂုဏ်ပြုတဲ့အနေနဲ့ သူတို့ကို အခုလို ဂုဏ်ပြုလက်ဆောင် ချီးမြှင့်တာ ဖြစ်ပါတယ်။”
ဒေါက်တာနေဝင်းနဲ့ ဦးအောင်ကျော်ဆန်းတို့ဟာ လူငယ် ကျောင်းသားတွေနဲ့ အတူ နာဂစ်မုန်တိုင်းကြောင့် သေဆုံးသူတွေ မြေမြှုပ်ပေးတာကို နိုင်ငံရေး လုပ်တယ်လို့ စွပ်စွဲပြီး စစ်အစိုးရက ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့လို့ ထောင်ထဲမှာ ၃ နှစ်နီးပါးစီ နေခဲ့ရသူတွေ ဖြစ်ပါတယ်။
သူတို့ဟာ ၂၀၀၈ ခုနှစ် အဖမ်းမခံရခင်ကာလက တော်ဘုရားလေး ဦးအောင်ဇေ စာပေဆုရွေးချယ်ရေး ကော်မတီဝင်တွေ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကော်မတီဝင်တွေအနေနဲ့ အခုလို လူမှုရေး ဆောင်ရွက်ရင်း အနစ်နာခံရတာ ဖြစ်တဲ့အတွက် ဂုဏ်ပြုကြတာလို့ ဆိုပါတယ်။
ဒီပွဲကို စာရေးဆရာတွေ ဖြစ်တဲ့ ဆရာထက်မြက်၊ ဆရာကြည်နိုင်၊ ဆရာလင်းထင်၊ ဆရာ မောင်လူမွန် (ကသာ)၊ အမျိုးသားစာပေဆုရှင် ဆရာမ သန်းမြင့်အောင်တို့ တက်ရောက်ခဲ့ပြီး ဒေါက်တာနေဝင်းနဲ့ ဦးအောင်ကျော်ဆန်းတို့ကို ချီးကျူးစကား ပြောဆိုကြပါတယ်။
သူတို့နဲ့အတူ အဖမ်းခံရပြီး ထောင်ချခံလိုက်ရတဲ့ ဒေါက်တာနေဝင်းရဲ့သမီး မဖြိုးဖြိုးအောင် အပါအဝင် တခြား ၂၀၀၇ မျိုးဆက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ကျောင်းသားတွေကတော့ ထောင်ဒဏ် မကုန်ဆုံးသေးတဲ့အတွက် နယ်ဝေး အကျဉ်းထောင်အသီးသီးမှာ ကျန်နေပါသေးတယ်။