ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေဖွဲ့ဖို့ လွှတ်တော်ကိုယ်စားပြု ကော်မတီ တိုက်တွန်း
2021.02.21
မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအလိုက် အနည်းဆုံး အဖွဲ့ဝင် ၁၁ ဦးပါ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့နိုင်ဖို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) က တိုက်တွန်းလိုက်တာပါ။
ကျောက်တံတားမြို့နယ်အတွင်းမှာ ကိုယ့်ရပ်ကွက်အလိုက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့နိုင်ဖို့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ ကျောက်တံတားမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ကြည်ပြာက ပြောပါတယ်။
"လွန်ခဲ့တဲ့ ရက်တွေကတည်းက ဒီလိုထုတ်မယ်ဆိုတာသိထားတော့ တတ်နိုင်သမျှ ရပ်ကွက်တွေထဲမှာ ကိုယ့်ပါတီက ရပ်ကျေးအဖွဲ့တွေ ရှိမယ်။ ပြီးတော့ အဲဒီရပ်ကျေးအဖွဲ့တွေက မြို့နယ်အတွင်းမှာ ကိုယ့်ရပ်ကွက်အလိုက် စုစည်းပြီး စီမံဆောင်ရွက်ဖို့ဆိုတာမျိုး ပြီးခဲ့တဲ့ နှစ်ရက်လောက်ကတည်းက လမ်းကြောင်း ချထားတယ်။ တချို့မြို့နယ်တွေကျတော့လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးအသစ်ကို လုံးဝလက်မခံဘူးဆိုပြီး လုပ်နေတဲ့ တာမွေတို့လည်း ရှိတယ်။ ဒါတွေနဲ့ချိတ်ဆက်ပြီး တိုင်းက တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ပြီး မြို့နယ်အလိုက် ဘယ်လိုစီမံဆက်ဆောင်ရွက်သွားမလဲဆိုတာကို ညွှန်ကြားပြီး ပူးပေါင်းဆောင်ရွက်သွားကြမှာပါ။"
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) က ပြည်ထောင်စု အစိုးရဖွဲ့လာရင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့ ပူးပေါင်းဖို့လည်း ကြေညာချက်မှာ ပါဝင်ပါတယ်။
အစိုးရယန္တရားရဲ့ အခြေခံအကျဆုံး အစိတ်အပိုင်းဖြစ်တဲ့ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို အာဏာသိမ်းစစ်ကောင်စီက ပြန်လည်ဖွဲ့စည်းနေပေမယ့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအသစ်ကို လက်မခံတဲ့နေရာတွေ ရှိနေပါတယ်။
ခိုင်မာတဲ့ အုပ်ချုပ်ရေး ယန္တရားမရှိခင်စပ်ကြားမှာ ကိုယ့်ရပ်ကွက်၊ ကိုယ့်လမ်း၊ ကိုယ့်ရွာ၊ ကိုယ့်ဒေသကို လုံခြုံအောင် ဒေသခံတွေကပဲ ကာကွယ်နေရပြီး CRPH ရဲ့ ချိတ်ဆက်ဆောင်ရွက်မှု အားကောင်းဖို့လိုတယ်လို့ ပြည်သူ့ပါတီ ဒုတိယဥက္ကဋ္ဌ ဦးမင်းဇေယျာက ဆိုပါတယ်။
"ရပ်ကွက်တိုင်းလိုလို လမ်းအလိုက်၊ ရပ်ကွက်အလိုက်၊ ပြည်သူတွေ ကိုယ့်ဘာသာကိုယ် လုံခြုံရေး ယူရတဲ့အပိုင်းရှိတယ်။ ကိုယ့်ရပ်ကွက်၊ ကိုယ့်လမ်းလုံခြုံရေးကို လုပ်နေတဲ့ ရပ်ကွက်သူ ရပ်ကွက်သားတွေ၊ လမ်းသူ လမ်းသားတွေရဲ့ ရည်ရွယ်ချက်တော့ ရိုးရိုးရှင်းရှင်းပဲ၊ သူတို့ရပ်ကွက် အေးချမ်းတည်ငြိမ်လုံခြုံရေးအတွက် သူတို့လုပ်တယ်လို့ပဲ သူတို့ခံယူထားတယ်။ ဒီအချက်ပေါ် အခြေခံပြီး ဝိုင်းဝန်းပံ့ပိုး ဖြည့်ဆည်းလုပ်ဆောင်ပေးတဲ့ သဘောရှိတယ်။ CRPH ကိုလည်း မူအားဖြင့် ထောက်ခံထားတဲ့အခါ CRPH ကနေပြီး ဘယ်လိုလူတွေက ဘယ်လိုအကြောင်းအရာနဲ့ပတ်သက်ပြီး ဘယ်လိုမျိုးလုပ်ဆောင်ဖို့ဆိုတဲ့ အကြံပြုချက်တွေ ညွှန်ကြားချက်တွေကို မျှော်လင့်တယ်။ စောင့်စားနေတယ်။ အခုချိန်ထိ ကျွန်တော်သိသလောက်ကတော့ အဲဒီအချက်အဆက်က ပြတ်နေတယ်လို့ မြင်တယ်။ အဲဒီအချိတ်အဆက်ကိုပါ CRPH အနေနဲ့ လုပ်ဆောင်ပေးနိုင်ရင် ဒီထက်ပိုထိရောက်တဲ့ အနေအထားမျိုး ရလာမယ်လို့ မျှော်လင့်တယ်။"
အာဏာသိမ်းစစ်ကောင်စီဟာ ပြည်သူတွေကို အကာအကွယ်မပေးနိုင်တဲ့အပြင် တရားဥပဒေစိုးမိုးရေးကိုပါ နှောင့်ယှက်ဖျက်ဆီးနေတာကြောင့် ပြည်သူတွေအနေနဲ့ ကိုယ့်လုံခြုံရေးကိုယ်ယူဖို့လိုတယ်လို့လည်း (CRPH) ရဲ့ တိုက်တွန်းစာမှာ ဖော်ပြထားပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့တွင်းက ရပ်ကွက်တော်တော်များများမှာ လူစိမ်းတွေဝင်ပြီး ရပ်ကွက်မငြိမ်သက်အောင် လုပ်ဆောင်တာတွေ ရှိနေတာကြောင့် ရပ်ကွက်နေပြည်သူတွေဟာ ကိုယ့်လမ်းကိုယ်ပိတ်ပြီး ကိုယ်ထူကိုယ်ထ လုံခြုံရေးစောင့်နေရတာပါ။ အုပ်ချုပ်ရေး ပျက်ပြားနေတဲ့အချိန် ဘယ်သူ့မှမယုံရတဲ့ အနေအထားကြောင့် လုံခြုံရေးအတွက် စိုးရိမ်နေရတယ်လို့ ဒဂုံမြို့သစ်မြောက်ပိုင်းမှာ နေထိုင်တဲ့ ပြည်သူတစ်ဦးက ဆိုပါတယ်။
"စိုးရိမ်ပူပန်မှုကတော့အပြည့်ပဲ။ ညဘက်ဆိုရင်လည်း ဘယ်ကလုံခြုံရေးကို အားကိုးရမလဲ မသိဘူး။ ပြည်သူ့ ရဲ ကိုလည်း အားကိုးမရဘူး။ ရပ်ကွက်ထဲမှာဆိုရင် ညဘက် ကျီးလန့်ဆန်စားနဲ့ အိပ်နေရတဲ့ အနေအထားပေါ့ဗျာ။ ကင်းစောင့်တယ်ဆိုတာလည်း ကိုယ့်အသိုက်အဝန်းလေးနဲ့ကိုယ်ပဲ စောင့်နေရတဲ့ အနေအထားရှိတယ်။ အဓိကတော့ အုပ်ချုပ်ရေး ပျက်ပြားတဲ့ အနေအထားပေါ့ဗျာ။ လုံခြုံရေးကိုလည်း မယုံရဘူး။ ဘယ်သူ့မှ မယုံရဲတဲ့အနေအထား ဖြစ်နေတယ်။ အခုလက်ရှိအနေအထားထိတော့ လုံခြုံရေးဖွဲ့မယ်ဆိုတဲ့ သတင်းကတော့ တက်လာတယ်။ ရပ်ကွက်ထဲမှာ တိတိကျကျ ဖွဲ့နေတာတော့ မသိရသေးဘူး။"
CRPH အဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ်တွေကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဖုန်းတွေပိတ်ထားတာကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က အာဏာသိမ်းစစ်ကောင်စီရဲ့ အမိန့်မှန်သမျှကို မလိုက်နာဖို့၊ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေကို ဆက်လုပ်သွားဖို့နဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရှောင်ရှားဖို့လည်း တိုက်တွန်းထားပါတယ်။ အာဏာသိမ်းစစ်ကောင်စီကတော့ ဒီကော်မတီမှာ ပါဝင်တဲ့သူတွေကို နိုင်ငံတော် အကြည်ညိုပျက်စေတယ်ဆိုပြီး တရားစွဲထားပါတယ်။