မြန်မာ့အရေး ကမ္ဘာ့ ခရစ်ယာန်များ သွေးစည်းညီညွတ်ရေးအဖွဲ့ကလည်း ကြေညာချက်ထုတ်
2011.10.17
မြန်မာအစိုးရတပ်၏ လိုက်လံတိုက်ခိုက် သတ်ဖြတ်ခြင်း၊ ရွာမီးရှို့ခြင်း၊ အဓမ္မပေါ်တာဆွဲ ခိုင်းစေခြင်း၊ ဖမ်းဆီးမုဒိမ်းကျင့်ခြင်းစသည့် လူ့အခွင့်အရေး ချိုးဖောက် ရက်စက်မှုများကြောင့် တောတောင်များတွင် ထွက်ပြေး ပုန်းရှောင်နေကြသည့် ကရင်ရွာသူရွာသားများ ဖြစ်ပါသည်။ (Photo: Courtesy of Free Burma Rangers)
Photo: Courtesy of Free Burma Rangers
သမ္မတ ဦးသိန်းစိန် အစိုးရ စတင် အသက်ဝင်ခဲ့ ကတည်းက တိုင်းရင်းသား နယ်မြေတွေမှာ ဆင်နွှဲခဲ့တဲ့ ထိုးစစ်တွေ အတွင်း အနည်းဆုံး အဓမ္မပြုကျင့်မှုပေါင်း (၃၀) လောက် ရှိပြီး၊ စစ်သားအဖြစ် အဓမ္မ စုဆောင်းခံရသူ ကလေးငယ်ပေါင်း (၄၀၀) လောက် ရှိတယ်လို့CSW ရဲ့ကြေညာချက်မှာ ဖေါ်ပြ ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ (၁၂) ရက်နေ့က အကျဉ်းသားပေါင်း ခြောက်ထောင်ကျော်ကို အစိုးရက လွှတ်ပေးခဲ့ရာမှာ နိုင်ငံရေးအကျဉ်းသား (၂၀၀) ကျော်သာ ပါဝင်ခဲ့တဲ့ အကြောင်းနဲ့ မြန်မာအစိုးရ အနေနဲ့ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ရှိတယ်ဆိုတာ လက်ခံဖို့လိုအပ်တယ်လို့လည်း ဖေါ်ပြထားပါတယ်။
လာမယ့် သီတင်းပတ်တွေ အတွင်း ကုလသမဂ္ဂ ညီလာခံကနေ မြန်မာနိုင်ငံ ဆိုင်ရာ ဆုံးဖြတ်ချက်တွေ ထုတ်ပြန်တဲ့အခါမှာလည်း မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Tomas Ojea Quintana တောင်းဆိုထားတဲ့ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖေါက်မှု စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေး ကိစ္စကို ထောက်ခံ အတည်ပြုပေးဖို့လည်း CSW အဖွဲ့က တောင်းဆိုထားပါတယ်။
နိုင်ငံရေး အကျဉ်းသားတချို့လွှတ်ပေးတာ၊ ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ဆုံဆွေးနွေးတာ၊ မြစ်ဆုံ ရေကာတာ ရပ်ဆိုင်းထားတာ စတဲ့ ဆုံးဖြတ်ချက်တွေကိုတော့ CSW က ကြိုဆိုလိုက်ပါတယ်။ ဒါပေမဲ့ တကယ့် ပြောင်းလဲမှုတွေ ဆက်လက် လိုအပ်နေသေးတယ်လို့CSW အဖွဲ့ရဲ့ ကြေညာချက်မှာ ဖေါ်ပြ ပါရှိပါတယ်။









