မုန်တိုင်းဒဏ်ခံအဆောက်အဦး ၈၆ လုံး ဆောက်လုပ်မည်


2018.01.22
pyithu-hluttaw-622.jpeg ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပနေစဉ်
.

ဧရာဝတီတိုင်းဒေသကြီးအပါအဝင် တိုင်းနဲ့ ပြည်နယ် ၄ ခုမှာ ဒီနှစ်အတွင်း ငွေကျပ် ၁၆ ဘီလီယံခန့် သုံးစွဲပြီး မုန်တိုင်းဒဏ်ခံတဲ့ အဆောက်အဦး ၈၆ လုံး ဆောက်လုပ်သွားမယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ပြောကြားလိုက်ပါတယ်။

လွှတ်တော်အစည်းအဝေးမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇံကျော်က ပေါက်တော မြို့နယ် တောင်ပိုင်း ပင်လယ်ကမ်းစပ်မြေနိမ့်ပိုင်းဒေသမှာ မုန်တိုင်းဒဏ်ခံတဲ့ အဆောက်အဦး ၃ လုံးဆောက်လုပ်ပေးဖို့ အစီအစဉ် ရှိ၊ မရှိ မေးမြန်းရာမှာ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ဖြေကြားခဲ့တာဖြစ်ပါတယ်။

"အခုနှစ်မှာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲခွင့် ရန်ပုံငွေနဲ့ ငွေကျပ် ၁၅.၉၇၃ ဘီလီယံအကုန်ခံပြီး မုန်တိုင်းဒဏ်ခံ အဆောက်အဦး ၈၆ လုံးကို တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်၊ ဧရာဝတီတိုင်းဒေသကြီးမှာ ၅၇ လုံး၊ ရခိုင်ပြည်နယ်မှာ ၂၆ လုံး၊ ချင်းပြည်နယ်မှာ ၂ လုံး၊ ရှမ်းပြည်နယ်မှာ ၁ လုံးဖြစ်ပါတယ်"

မုန်တိုင်းဒဏ်ခံတဲ့အဆောက်အဦးတွေကို သာမန်အချိန်တွေမှာ မူကြိုကျောင်း၊ လိုအပ်လာရင် စာသင်ကျောင်း၊ လူငယ်စင်တာ၊ လူထုစုဝေးရာနေရာ အဖြစ် ဘက်စုံသုံးနိုင်မှာဖြစ်တယ်လို့လည်း ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

အဲဒီအဆောက်အဦး ၈၆ လုံးကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေနဲ့ ဆောက်လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲဒီအဆောက်အဦးတွေရဲ့ ခိုင်ခံံ့မှု၊ အဆောက်အအုံပုံစံ၊ နေရာရွေးချယ်မှုတွေကိုလည်း သက်ဆိုင်တဲ့ ဝန်ကြီးဌာနတွေ နဲ့  အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရဲ့ ကြီးကြပ်မှုတွေနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။