မြစ်ဆုံဆည် တည်ဆောက်မှု ရပ်တန့်ရေး တရုတ်အစိုးရကို ဆန္ဒပြ

ကချင်ပြည်နယ်မှာ တရုတ်အစိုးရက တည်ဆောက်နေတဲ့ မြစ်ဆုံဆည် စီမံကိန်းကို ရပ်ဆိုင်းဖို့ အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်ရောက် မြန်မာ့အရေး လှုပ်ရှားနေသူတွေက ဆန်ဖရန်စစ္စကိုမြို့ တရုတ် ကောင်စစ်ဝန်ရုံးရှေ့မှာ စက်တင်ဘာလ ၁၉ ရက်က ဆန္ဒပြခဲ့ကြပါတယ်။

2011-09-19
Share
save-irrawaddy-protest-305 မြစ်ဆုံဆည် စီမံကိန်းကို ရပ်ဆိုင်းရေးအတွက် အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်ရှိ မြန်မာ့အရေး လှုပ်ရှားနေသူများ ဆန်ဖရန်စစ္စကိုမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် ဆန္ဒပြရန် နှိုးဆော်လက်ကမ်းကြော်ငြာ။
RFA

မြန်မာနိုင်ငံရဲ့ အသက်သွေးကြော ဖြစ်တဲ့ ဧရာဝတီမြစ်ဆုံမှာ အလွန်ကြီးမားတဲ့ ရေလှောင်တမံတွေ တည်ဆောက်တာဟာ ဒေသခံပြည်သူတွေရဲ့ဘဝတွေ ကိုသာမက သဘာ၀ ပတ်ဝန်းကျင်နဲ့ မြစ်ရေ စီးဆင်းမှုကိုပါ ပျက်စီးစေမယ့် အခြေအနေ ရှိတာကြောင့် တရုတ် အစိုးရ အနေနဲ့ ဒီစီမံကိန်းကို ချက်ချင်း ရပ်ဆိုင်းဖို့ တောင်းဆို ဆန္ဒပြနေကြောင်း ဦးဆောင်သူ တဦးဖြစ်တဲ့ မြန်မာ-အမေရိကန်အဖွဲ့က ဦးညွန့်သန်းက ပြောပါတယ်။

" အခုဆိုရင် တရုတ်ပြည်ဟာ ကမ္ဘာ့ ဒုတိယ စီးပွားရေး အင်အားကြီး နိုင်ငံ ဖြစ်တယ်။ သူတို့ ပြည်သူတွေဟာ ကြီးပွား တိုးတက်နေတယ်။ ဒါပေမဲ့မြန်မာ ပြည်သူတွေကတော့ အာဏာရှင်အောက်မှာ ပြားပြားဝပ်နေရပြီး စားဖို့ သောက်ဖို့ အနိုင်နိုင် ဖြစ်နေချိန်မှာ အခုလို လုပ်ခြင်းဟာ နိုင်ငံကြီး တစ်နိုင်ငံ ဖြစ်တဲ့ တရုတ်ပြည်ရဲ့ အစိုးရဟာ Immoral ပေါ့နော်၊ ရက်စက်ယုတ်မာတယ်လို့ပဲ ကျနော်တို့ ပြောချင် ပါတယ်၊ မြစ်ဆုံစီမံကိန်းကိုလည်း ချက်ချင်း ရပ်ဆိုင်းဖို့တောင်းဆိုပါတယ်။"

မြစ်ဆုံဆည် တည်ဆောက်ရေး စီမံကိန်းကြောင့် ဒေသခံ ကချင်လူထုတွေ အိုးမဲ့အိမ်မဲ့ ဖြစ်နေကြတဲ့ အပြင် ပြည်တွင်းစစ်ကြောင့်လည်း စစ်ပြေးဒုက္ခသည်တွေ ဖြစ်လာနေရတယ်လို့ ဆန္ဒပြပွဲမှာ ကိုယ်တိုင်ပါဝင်နေတဲ့ ကချင်အမျိုးသမီး ဒေါ်ဆာရာလှအောင်က ဆိုပါတယ်။

တရုတ်နဲ့မြန်မာ နှစ်နိုင်ငံ အစိုးရချင်း သဘောတူ လက်မှတ်ရေးထိုးထားတဲ့ စာချုပ်အရ မြစ်ဆုံဆည်က ထွက်မယ့် ရေအားလျှပ်စစ် ၉၀ ရာခိုင်နှုန်းကို နှစ်ပေါင်း ၃၀ အထိ တရုတ်အစိုးရကို ပေးရမှာ ဖြစ်ပါတယ်။

Anonymous says:
2011-09-21 03:59

အမေရိကန်ရောက်မြန်မာများနည်းတူ နိုင်ငံဒေသအသီးသီးမှာ ရောက်ရြှိကသော ကျွန်ုပ်တို့ မြန်မာနိုင်ငံသားများ သက်ဆိုင်ရာ တရုတ်သံရုံးများ သံတမန်ကောင်စစ်ဝန်ရုံးများ တွင် အားလုံးစုစည်းညီညွတ်စွာဖြင့် မြစ်ဆုံဆည်တည်ဆောက်ခြင်း အား ချက်ခြင်းရပ်တန့် ရန်တောင်းဆို ဆန္ဒပြကြပါစို့

Anonymous says:
2011-09-23 02:58

U N မှာ နိုင်ငံတကာရဲ့ ရှုံ့ချကန့်ကွက်မှု့တွေကနေ အသက်ရှုချောင်အောင် တရုတ်ရဲ့(ဗီတိုအာဏာ)ခြေထောက်ဖက်တွယ်ပြီး တိုင်းပြည်နဲ့ လူမျိုးကို အညွန့်တုန်း ပျောက်ကွယ်အောင် လုပ်နေတာ ရပ်သင့်ပါပြီ ခေတ်အဆက်ဆက် တိုင်းပြည်ကို ကာကွယ်စောင့်ရှောက် ထိမ်းသိမ်းခဲ့တဲ့ ကျုပ်တို့ ဘိုးဘွားတွေရဲ့မျက်နှာ နောင်အနာဂတ်မှာ တိုင်းတပါးသားတွေရဲ့ကျွန်ပြုပြီး မတရား အနိုင်အထက်ပြုခံနေရမဲ့ သား သမီး မြေးမြစ်တွေရဲ့ မျက်နှာကို ကြည့်ကြပါ ဗျာ !

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့