ရေအားလျှပ်စစ်စီမံကိန်းတွေ ထပ်မံဆောက်လုပ်မယ့်အပေါ် စိုးရိမ်ကြောင်း အစီရင်ခံစာထုတ်ပြန်

2018-07-10
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရေအားလျှပ်စစ် စီမံကိန်းကြီးတွေကို ကန့်ကွက်ကြောင်း ဟက်ကြီးရေကာတာ တည်ဆောက်မယ့်နေရာအနီးမှာ ၂၀၁၈ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့က ဒေသခံတွေ ဆန္ဒပြစဉ်
ရေအားလျှပ်စစ် စီမံကိန်းကြီးတွေကို ကန့်ကွက်ကြောင်း ဟက်ကြီးရေကာတာ တည်ဆောက်မယ့်နေရာအနီးမှာ ၂၀၁၈ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့က ဒေသခံတွေ ဆန္ဒပြစဉ်
Photo: Kyaw Lwin Oo/ RFA

မြန်မာအစိုးရရဲ့ လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း NEP အရ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်တွေ မှာ ရေအားလျှပ်စစ်စီမံကိန်းတွေ ထပ်ပြီး ဆောက်လုပ်မယ့်အပေါ် ဒေသခံတွေက စိုးရိမ်နေကြောင်း ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးကွန်ယက်နဲ့ ကရင်လူ့အခွင့်အရေးအဖွဲ့တို့က ဒီနေ့ ပူးတွဲအစီရင်ခံစာ ထုတ်ပြန်ပါတယ်။

ဒေသခံတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးအဖွဲ့က ကိုစောသာဘိုးက အခုလိုပြောပါတယ်။

"ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊တနင်္သာရီတိုင်း၊ ဘာကြောင့်လဲဆိုတော့ အရင်က ကျနော်တို့ ဒေသတွေ မှာ အပစ်မရပ်ခင်ကာလက ရေကာတာ ၃ ခုရှိခဲ့တယ်။ ပသိရေကာတာရယ်၊ သောက်ရေခပ် ၂ ရယ် ၊ ကျောက်နဂါး(ရွှေကျင်)ဆိုတာရှိတယ်။ အဲဒီအခါကျတော့ ဒေသခံတွေက အတင်းအဓမ္မရွှေ့ပြောင်း ခံရတာတွေ၊ အခုချိန်အထိ သူတို့အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ပျောက်ဆုံးတာတွေ၊ လျော်ကြေး မရတာတွေရှိတယ်။ အစိုးရက လျှပ်စစ်ဖွံ့ဖြိုးရေးအတွက် လုပ်တယ်ပေါ့နော်။ စီမံကိန်းအသစ်တွေ၊ ကျနော်တို့ အရှေ့တောင်ပိုင်းမှာ များတာတွေ့ရတယ်။ ဒါကြောင့် ကျနော်တို့ စိုးရိမ်မှုရှိတယ်။"

ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးကွန်ယက်နဲ့ ကရင်လူ့အခွင့်အရေးအဖွဲ့တို့က ရေကာတာသည် ဖွံ့ဖြိုးရေးလော၊ ပျက်စီးခြင်းလော ခေါင်းစဉ်နဲ့ အစီရင်ခံစာ ထုတ်ပြန်တာဖြစ်ပါတယ်။

ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းအတွင်းမှာ နောက်ထပ်ဆောင်ရွက်မယ့် ရေအားလျှပ်စစ် စီမံကိန်းတွေကတော့ ပက၊ မက်ကသာ၊ တနင်္သာရီရေကာတာ စတဲ့ စီမံကိန်းတွေ ဖြစ်ပါတယ်။

အရင်က ဆောင်ရွက်ခဲ့တဲ့ ပသိ၊ ကျောက်တံခါးနဲ့ သောက်ရေခပ် ၂ စတဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေကြောင့် ရွာတွေပြောင်းရွှေ့ရတာ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ မရှိတာ၊ ပညာသင်ကြားရေး ခက်ခဲတာတွေ ရင်ဆိုင်နေကြရတယ်လို့လည်း ပြောပါတယ်။

လုပ်ဆောင်ခဲ့တဲ့ ရေအားလျှပ်စစ်စီမံကိန်းအားလုံးမှာ ဒေသခံလူထုအပေါ် အကျိုးသက်ရောက်မှုကို ဆန်းစစ်တဲ့လုပ်ငန်းစဉ်တွေ မရှိသလောက်နည်းပါးခဲ့တယ်လို့လည်း အဲဒီအစီရင်ခံစာမှာ ပါရှိပါတယ်။

တနိုင်ငံလုံး ငြိမ်းချမ်းရေး သဘောတူညီချက် မပြည့်အဝ မရသေးခင်ကာလမှာ မြန်မာအစိုးရအနေနဲ့ တိုင်းရင်းသားဒေသတွေမှာ အကြီးစားရေအားလျှပ်စစ်စီမံကိန်းတွေ တည်ဆောက်ဖို့ လျာထားတာတွေ၊ အကောင်အထည်ဖော်နေတာတွေကို ရပ်ဆိုင်းထားဖို့ တောင်းဆိုထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့