ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် တို့ကို ပုဒ်မတွေထပ်တိုး

ရဲစည်သူကာ(ဝါရှင်တန် ဒီစီ)
2021.03.01

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ မတ်လ ၁ ရက်နေ့မှာ ဗီဒီယိုရုပ်သံကနေတဆင့် ဇဗ္ဗူသီရိမြို့နယ်တရားရုံးမှာ ရုံးထုတ်ပြီး၊ တရားလိုရဲတပ်ဖွဲ့က နောက်ထပ် ပုဒ်မ နှစ်ခု ထပ်တိုးလိုက်ပါတယ်။

သမ္မတဦးဝင်းမြင့်ကိုလည်း နောက်ထပ်ပုဒ်မတစ်ခု ထပ်တိုးလိုက်ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် ကိုလည်း ပုဒ်မတပ်တရားစွဲလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို မူလကစွဲထားတဲ့ သွင်းကုန်ပို့ကုန်ပုဒ်မ၊ သဘာဝဘေးအန္တရာယ် ပုဒ်မတွေအပြင် ဒီနေ့မှာ ပုဒ်မ ၅၀၅ (ခ)နဲ့ ဆက်သွယ်ရေးပုဒ်မ ၆၇ တို့ ထပ်တိုးပြီး တရားစွဲလိုက်တာလို့ အမှုကိုလိုက်ပါဆောင် ရွက်ပေးမယ့် ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ကိုတော့ မူလကစွဲထားတဲ့ သဘာဝဘေးအန္တရာယ် ပုဒ်မအပြင်၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ ထပ်တိုးလိုက်ပြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် ကိုတော့ ပုဒ်မ ၅၀၅ (ခ) နဲ့ ဒီကနေ့ စတင်တရားစွဲလိုက်တာလို့ ရှေ့နေက ပြောပါတယ်။

ဒီကနေ့ ပုဒ်မနှစ်ခု ထပ်တိုးလိုက်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက တရားစွဲထားတဲ့ ပုဒ်မ စုစုပေါင်း လေးခုဖြစ်ပြီး၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ကို‌တော့ ပုဒ်မ နှစ်ခု ဖြစ်သွားပါတယ်။

ဆက်သွယ်ရေးဥပဒေပုဒ်မ (၆၇) ဆိုတာ “လိုင်စင်ရယူပြီးမှ အသုံးပြုဖို့ သတ်မှတ်ထားတဲ့ ဆက်သွယ်ရေး ပစ္စည်းတစ်ခုခုကို လိုင်စင်မရှိဘဲ အသုံးပြုမှု” ဖြစ်ပြီး၊ ပြစ်မှုထင်ရှားရင် တစ်နှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တဲ့ဥပဒေပုဒ်မဖြစ်ပါတယ်။

ပုဒ်မ ၅၀၅ (ခ) ကတော့ “နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြား‌ရေးကိုဖြစ်စေ ထိခိုက်အောင် လှုံ့ဆော်မှု၊ အများပြည်သူကို ထိတ်လန့်ကြောက်ရွံ့စေမှု” ဖြစ်ပြီး၊ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် နှစ်နှစ်ဖြစ်စေ၊ ဒဏ်ငွေဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း မြန်မာနိုင်ငံ ရာဇသတ်ကြီးဥပဒေမှာ ဖေါ်ပြထား ပါတယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို စွဲထားတဲ့ ပုဒ်မ လေးခုနဲ့ တရားရုံးက အမိန့်ချမယ်ဆိုရင် သဘာဝ ဘေးဒဏ်စီမံခန့်ခွဲမှု ဥပဒေအရ ထောင် သုံးနှစ်၊ ပို့ကုန်သွင်းကုန် ဥပဒေအရ ထောင် သုံးနှစ်၊ တရားမဝင် ဆက်သွယ်ရေးပစ္စည်းကိုင်ဆောင်မှုပုဒ်မအရ ထောင်ဒဏ် တစ်နှစ်၊ ပုဒ်မ ၅၀၅ ခ အရ ထောင်ဒဏ် နှစ်နှစ် ချမှတ်နိုင်တာမို့ အများဆုံးထောင်ဒဏ် ကိုးနှစ်အထိ ချနိုင်တယ်လို့ ဦးခင်မောင်ဇော် ခေါင်းဆောင်တဲ့ ‌ရှေ့နေအဖွဲ့က ခန့်မှန်းပြောဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စွဲထားတဲ့အမှုတွေအတွက် လိုက်ပါဆောင်ရွက်ပေးဖို့ ရှေ့နေဦးခင်မောင်ဇော်ကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့ကတည်းက လက်မှတ်ထိုးပါဝါလွှဲထားပြီး ဖြစ်ပေမယ့် အခုချိန်ထိ ရဲနဲ့ တရားရုံးက ခွင့်ပြုမပေးသေးဘူးလို့ ရှေ့နေဦးခင်မောင်ဇော်က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဇမ္ဗူသီရိမြို့နယ်တရားရုံး၊ သတင်းပြန်ကြားရေးအရာရှိ၊ တွဲဖက်တရားသူကြီး ဒေါ်နန်းအေးမြသီရိကို ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်အတွက် ရှေ့နေပါဝါလွှဲခွင့်ကို အခုချိန်ထိ တရားဝင် ချမပေးသေးတာလဲဆိုတဲ့ကိစ္စ သတင်းထောက်တွေက မေးမြန်းရာမှာတော့ အတိအကျ မရှင်းပြကြပါဘူး။

ဒေါ်အောင်ဆန်းစုကြည်က တရားခွင်မှာ ရှေ့နေနဲ့ ထုချေချင်တယ်လို့ ပြောလာတဲ့အတွက် ရှေ့နေပါဝါလွှဲခွင့် တရားဝင်ချပေးနိုင်ဖို့အတွက် မတ်လ ၁၆ ရက်နေ့ကို နောက်တစ်ကြိမ် ရုံးချိန်းပေးထားတယ်လို့သာ ဇမ္ဗူသီရိမြို့နယ်တရားရုံး၊ တွဲဘက်တရားသူကြီး ဒေါ်နန်းအေးမြသီရိ က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်တို့ သုံးယောက်စလုံးရဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်ဖို့အတွက် ရှေ့နေဦးခင်မောင်ဇော်နဲ့အဖွဲ့က ဇမ္ဗူသီရိ မြို့နယ် တရားရုံးကို သွားရောက်ခဲ့ပေမယ့်၊ တရားဝင် ပါဝါလွှဲစာ မရသေးတာကြောင့် တရားရုံးထဲ ဝင်ခွင့်မရဘဲ အပြင်ကပဲစောင့်နေခဲ့ရပါတယ်။

အထဲမှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ တရားသူကြီးတို့ အွန်လိုင်းဗွီဒီယိုကတဆင့် စကားပြောနေ တာကို အပြင်ကနေကြားခဲ့ရပြီး၊ ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေနဲ့တွေ့ချင်ကြောင်း တောင်းဆိုတာကို သူကြားခဲ့ရတယ်လို့ ဦးခင်မောင်ဇော်က သတင်းထောက်တွေကို ပြန်ရှင်းပြပါတယ်။

ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့ကတည်းက ရှေ့နေပါဝါလွှဲစာ တင်ထားပါရဲ့နဲ့ အခုချိန်ထိ ရဲနဲ့တရားရုံးက အကြောင်းအမျိုးမျိုးပြပြီး ခွင့်မပြုပေးသေးတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားတစ်ယောက်ရဲ့ ခုခံချေပခွင့် အခွင့်အရေးကို ချိုးဖောက်တာဖြစ်တယ်လို့ ရှေ့နေဦးခင်မောင်ဇော်က ထောက်ပြ‌ဝေဖန်ပါတယ်။

NLD ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ပုဒ်မတွေ တစ်ခုပြီးတစ်ခု ထပ်တိုးနေတာဟာ မတရားတဲ့လုပ်ရပ်ဖြစ်တယ်လို့ ပြစ်တင်ဝေဖန်ပါတယ်။

ဒီလို မတရားဖမ်းဆီးပြီး ပုဒ်မအမျိုးမျိုးတပ် ဖိနှိပ်တဲ့လုပ်ရပ်မျိုးကို စစ်အာဏာရှင်စနစ်အောက်မှာ လူတိုင်း ကြုံတွေ့ရနိုင်တာမို့ ပြည်သူတစ်ရပ်လုံး စစ်အာဏာရှင်စနစ်ကို အမြတ်ပြုတ်ချေမှုန်းကြဖို့ ဒေါ်ခင်စန်းလှိုင်က တိုက်တွန်းသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။