တနိုင်းဘက်က ထွက်ပြေးသူတွေ ကိစ္စ နိုင်ငံတော်အတိုင်ပင်ခံ မသိသေး


2017.06.10
dassk-canada-620.jpg နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကနေဒါနိုင်ငံ ဘုရင်ခံချုပ် မစ္စတာ ဒေးဗစ် ဂျွန်စတန်နဲ့ အော်တာဝါမြို့ရှိ ဘုရင်ခံချုပ်နေအိမ် Rideau ခန်းမမှာ ဇွန်လ ၉ ရက်နေ့က တွေ့ဆုံစဉ်
Photo: Myanmar State Counsellor Office

ကချင်ပြည်နယ် တနိုင်းမြို့နယ်က ရွှေနဲ့ ပယင်းမှော်တွေတူးဖော်နေတဲ့ နေရာတွေကနေ ထွက်ပြေးကြတဲ့ ကျေးရွာ သားတွေရဲ့ စားဝတ်နေရေးအတွက် ဘယ်သူက တာဝန်ယူမှာလဲလို့ ကနေဒါနိုင်ငံရောက် မြန်မာနိုင်ငံသား တစ်ဦးက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မေးရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က သူအဲဒီကိစ္စကို မသိရှိသေးကြောင်းနဲ့ ထွက်ပြေးနေသူတွေကို ကူညီရမှာက လူကယ်ပြန်ဌာနဖြစ်ကြောင်း ပြော ပါတယ်။

"ကျမအနေနဲ့ အကြမ်းဖျင်းအားဖြင့် ပြောရမယ်ဆိုရင်တော့  ဒီမေးခွန်းကတော့ လေယာဉ်ကနေ ပြီးတော့ စာတွေကျဲပြီးတော့ အဲဒီနေရာတွေက  ပြည်သူတွေကို ရွာကနေပြောင်းရွှေ့ဖို့ ပြော တယ်ပေါ့နော်၊ ၁၅ ရက် ဇွန်လဆိုတော့  နောက်အပတ်ပေါ့၊ ပြန်ပြောရမယ်ဆို ကျမ ဒါမကြားသေး ပါဘူး၊ ဒီလို  ဖြစ်တယ်ဆိုတဲ့ အဖြစ်အပျက်အကြောင်းကိုလည်း မကြားသေးပါဘူး၊ ဒီဟာကို  စုံစမ်း ပါ့မယ်။ စုံစမ်းပါ့မယ်လို့ပဲ ပြောရမှာပဲ၊ ဒီလိုရွှေ့ခိုင်းတယ်ဆိုတာ  မကြားရသေးပါဘူး၊ ရွှေ့တယ်ဆိုရင် ဘယ်သူက ရွှေ့ခိုင်းတာလဲဆိုတာ သိဖို့လို  တယ်၊နောက်ပြီးတော့ ကျွန်မတို့ ပြည်သူပြည်သားတွေ ရွှေ့ ရတယ်ဆိုရင်တော့  အဓိကတာဝန်ယူ ရမှာကတော့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့  ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနက တာဝန်ယူပြီးတော့  စီမံခန့်ခွဲပေးရမှာဖြစ်ပါတယ်"

ဒီကိစ္စနဲ့ပတ်သက်ပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကို RFA က ဆက်သွယ်မေးမြန်းရာမှာ လူကယ်ပြန်ဌာနက သွားနေတဲ့ ဝန်ထမ်းတွေဟာ ကာမိုင်းမြို့ မှာပဲ ပိတ်မိနေပြီး ရှေ့ဆက်သွားလို့ မရသေးဘူးလို့ ပြောပါတယ်။

"လူကယ်ပြန်ဝန်ကြီးဌာနအနေနဲ့ကတော့ ဘာမှဆောင်ရွက်ရသေးတာ မရှိသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဝန်ထမ်းတွေက မြစ်ကြီးနားမှာ ရှိတယ်ပေါ့နော်။ မြစ်ကြီးနားက ဝန်ထမ်းတွေက အဲဒီသွားလို့ မရဘူး၊ ကာမိုင်းကနေ ဆက်သွားလို့ မရဘူး၊ ပိတ်နေတယ်ပေါ့နော်။ တနိုင်းကိုဆက်သွားလို့မရဘူး၊ သူတို့အနေနဲ့ လှမ်းပြီးဆက်သွယ်ရတာပဲရှိပြီးတော့ ကိုယ်တိုင်ကိုယ်ကျတော့ ဘာမှလုပ်ပေးလို့ မရသေးတဲ့ အခြေအနေပဲ။ ကျနော်တို့ ကြားတာတော့ သူတို့ဌာနေ ကူညီစောင့်ရှောက်တဲ့ သူတွေကပဲ ပြန်ဖို့သွားဖို့ ကူညီပေးနေတယ်လို့ကြားတယ်"

ကနေဒါနိုင်ငံမှာ ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ဇွန်လ ၉ ရက်နေ့ မနေ့က ကနေဒါနိုင်ငံ တိုရွန်တိုမြို့က မြို့တော်ခန်းမမှာ ကနေဒါရောက် မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံပြီး သူတို့မေးမြန်းတာတွေ ကို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေနဲ့ တနိုင်းမြို့ကို ပြေးလာတဲ့ ဒေသခံတွေ၊ အလုပ်သမားတွေကို ကူညီထောက်ပံပေးဖို့ အဆင့်သင့်ရှိနေကြောင်းနဲ့ လတ်တလောမှာတော့ တနိုင်းမြို့ပေါ်က တာဝန်ရှိသူတွေက ကူညီပေးနေတယ်လို့ သိရကြောင်း ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့က အစိုးရတပ်မတော်က ကေအိုင်အေတပ်မဟာ ၂ နဲ့ ထိစပ်နေတဲ့ နယ်မြေအတွင်း နမ်ဗြူ၊ ထန်းပလား၊ အောင်လွတ်၊ နမ့်ကွမ်းစတဲ့ တရားမဝင် ရွှေနဲ့ ပယင်းမှော်တွေဘက်မှာ နယ်မြေရှင်းလင်းရေး ဆောင် ရွက်မှာဖြစ်တဲ့အတွက် ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထားဖယ်ရှားပေးဖို့ လေယာဉ်ပေါ်ကနေ စာတွေဖြန့်ဝေခဲ့ တာဖြစ်ပါတယ်။

အဲဒီစာထဲမှာ တရားမဝင် ရွှေနဲ့ ပယင်းတွေ တူးဖော်လုပ်ကိုင်တာကြောင့် တနိုင်းဒေသ သဘာဝပတ်ဝန်းကျင် ပျက်စီးနေရကြောင်း၊ နိုင်ငံတော်ဝင်ငွေဆုံးရှုံးပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ KIA က လုပ်ငန်းရှင်တွေထံ ကနေ ငွေတွေရရှိနေကြောင်း ပါရှိပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIA ဘက်ကလည်း တပ်မတော်နဲ့ တနိုင်းမြို့နယ်အတွင်း တိုက်ပွဲတွေဖြစ်နေတာကြောင့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က မိုးကောင်း-ကာမိုင်း၊ လဝါး-ကာမိုင်း၊ ကာမိုင်း-ဖားကန့်နဲ့ ဝှေ့ခါ-ဖားကန့် လမ်းတွေမှာ ည ၇ နာရီကနေ မနက် ၆ နာရီအတွင်း ဖြတ်သန်းသွားလာမှု မပြုလုပ်ဖို့ ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့က သတိပေးစာ ထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်ထိတော့ တနိုင်မြို့ပေါ်ကို ထွက်ပြေးလာသူ တစ်ထောင်ခန့်ရှိမယ်လို့ ကြားသိရတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။