ဒေါ်အောင်ဆန်းစုကြည် အပ်နှင်းဆု ရုပ်သိမ်းဖို့ ကနေဒါ အောက်လွှတ်တော် ဆုံးဖြတ်

2018-09-27
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကနေဒါ ဝန်ကြီးချုပ် Justin Trudeau ကို လွှတ်တော်အတွင်း တွေ့ရစဉ်
ကနေဒါ ဝန်ကြီးချုပ် Justin Trudeau ကို လွှတ်တော်အတွင်း တွေ့ရစဉ်
Photo by PBS

ကနေဒါ အောက်လွှတ်တော်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အပ်နှင်းခဲ့တဲ့ ဂုဏ်ထူးဆောင် နိုင်ငံသားဆုကို ပြန်လည်ရုပ်သိမ်းဖို့ ကြာသပတေးနေ့ မနေ့က ဆုံးဖြတ်လိုက်ပါတယ်။

အဲဒီဆုကို ကနေဒါနိုင်ငံက ၂ဝဝ၇ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့တာပါ။ အခုလို အောက်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ဟာ လက်တွေ့အကျိုးသက်ရောက်မှုတော့ မရှိသေးပါဘူး။ ဒီဆုကို ချီးမြှင့်ဖို့အတွက် ကနေဒါ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် ၂ ရပ်လုံးရဲ့ ထောက်ခံအတည်ပြုမှုနဲ့သာ ဆောင်ရွက်နိုင်သလို ရုပ်သိမ်းဖယ်ရှားမယ်ဆိုရင်လည်း အလားတူ လွှတ်တော် ၂ ခုလုံးက ဆုံးဖြတ်အတည်ပြုရမှာ ဖြစ်ပါတယ်။

ကနေဒါ ဝန်ကြီးချုပ် Justin Trudeau ဂျတ်စတင် ထရူးဒို က ဒေါ်အောင်ဆန်းစုကြည်ထံက ဂုဏ်ထူးဆောင်နိုင်ငံသား ဆု ပြန်လည်ရုပ်သိမ်းရေးကိစ္စဖြစ်ပေါ်နိုင်ပါတယ်လို့ ဗုဒ္ဓဟူးနေ့က ပြောကြားရင်း အဲဒီလို ရုပ်သိမ်းမှုကြောင့် မြန်မာနိုင်ငံက ရိုဟင်ဂျာ ပဋိပက္ခအဆုံးသတ်သွားမှာတော့ မဟုတ်ပါဘူးလို့ ပြောဆိုခဲ့ပါတယ်။

ကနေဒါ အောက်လွှတ်တော်က မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို လုံခြုံရေးတပ်ဖွဲ့တွေက သတ်ဖြတ်ညှဉ်းပမ်းခဲ့မှုတွေ ဟာ Genocide လူမျိုးတုံးသတ်ဖြတ်မှုဖြစ်တယ်လို့ ပြီးခဲ့တဲ့ အပတ်က ဆုံးဖြတ်ခဲ့ပါတယ်။

ကွန်မင့်များ (1)
Share

အမည်မဖော်လိုသူ

ကနေဒါအောက်လွှတ်တော်က ဘယ်ယုန်မြင်လို့ ဘယ်ခြုံထွင်းသလဲတော့ အတတ်မပြောနိုင်ပေမဲ့လို့ ထိုပြောင်းတိပြောင်းဆန်သောဆုံးဖြတ်ချက်လုပ်ရပ်သည် ထိရောက်မှန်ကန်သော ဖြေရှင်းခြင်း မဟုတ်ဘူးဆိုတာတော့ ယေဘူယျ ပြောနိုင်ပါတယ်။ ဂုဏ်သိက္ခာကြီးသော ကနေဒါအစိုးရအနေဖြင့် သမာသမတ်ကျနည်းလမ်းဖြင့် ထိရောက်မှန်ကန်စွာ ရှေ့ဆောင်လမ်းပြနိုင်ပါစေလို့..

Oct 01, 2018 12:12 AM

ဆိုက်တခုလုံးသို့