ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားတဲ့ သက်သေခံအချို့ကို ကန့်ကွက်ထား

အေးအေးမွန် (အော်စလို)
2021-06-22
Share

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို စစ်ကောင်စီဘက်က တရားစွဲထားတဲ့ အမှုတွေကို ဇွန်လ ၂၂ ရက် ဒီနေ့မှာလည်း နေပြည်တော်က အထူးတရားရုံးမှာ ဒုတိယရုံးချိန်းရဲ့ ဒုတိယနေ့အဖြစ် ဆက်လက်စစ်ဆေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင် တို့အပေါ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ပျက်ပြားအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅(ခ)အတွက် စစ်ကောင်စီဘက်က တင်သွင်းတဲ့ စာရွက်စာတမ်းနဲ့ ဓာတ်ပုံသက်သေကို တင်သင့်၊ မတင်သင့် နှစ်ဘက် လျှောက်လဲချက်ရယူခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ကို စွဲဆိုထားတဲ့ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ (၂၅) အတွက် တရားလိုပြသက်သေတွေကို ဆက်လက်စစ်ဆေးခဲ့တာပါ။

ပုဒ်မ ၅၀၅(ခ)အတွက် တင်သွင်းတဲ့ စစ်ကောင်စီရဲ့သက်သေအပေါ် ဒေါ်အောင်ဆန်းစုကြည် တို့ဘက်က ကန့်ကွက်တာကြောင့် နှစ်ဘက်လျှောက်လဲချက်ရယူပြီး လာမယ့်အပတ်ရုံးချိန်းမှာ သက်သေတင်သင့်၊ မတင်သင့် ကြားဖြတ်အမိန့်ချမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးသဲမောင်မောင်က ပြောပါတယ်။

"နှစ်မှုရှိတဲ့ဆီမှာ တစ်မှုတော့ စစ်တယ်ပေါ့နော်၊ ပထမက သမ္မတကြီးနဲ့ ဒေါက်တာ မျိုးအောင်ပါ ပါတဲ့ ၅၀၅(ခ)ကတော့ နှစ်ဘက်လျှောက်လဲ ကြားနာတာပေါ့လေ၊ အဲဒီတော့ ရှေ့အချိန်းမှာ တရားသူကြီးက ဒီအပေါ်မှာ အမိန့်ချမယ်၊ ကြားဖြတ်အမိန့်ချမယ်ပေါ့၊ တစ်ဘက်က တင်ပြတဲ့ စာရွက်စာတမ်း သက်သေ တင်တဲ့အပေါ် ဒီဘက်က ကန့်ကွက်ထားတဲ့အပေါ်မှာ ကြားဖြတ်အမိန့်ချမှာ လက်ခံသင့်၊ မခံသင့်ပေါ့လေ၊ ဒါကတော့ ကြားဖြတ်က အမှုတိုင်းမှာ ဒီလိုမျိုး အဆင့်လေးတွေရှိတောပါ့၊ သက်သေစစ်နေရင်းနဲ့ပဲဖြစ်ဖြစ် အမြဲတမ်းရှိနေတဲ့ ကြားဖြတ်အမိန့်လေးတွေပေါ့"

ဒေါ်အောင်ဆန်းစုကြည် ကတော့ အရင်ရုံးချိန်းတွေကအတိုင်းပဲ ကျန်းမာရေးလည်းကောင်းပြီး အမှုကို စိတ်ဝင်တစားနဲ့ အသေးအဖွဲ့ကအစ ဂရုတစိုက် နားတောင်တယ်လို့ ဦးသဲမောင်မောင်က ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ(၈)၊ ဆက်သွယ်ရေးပုဒ်မ(၆၇)၊ နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှုကို ပျက်ပြားအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅(ခ)၊ နိုင်ငံတော် သစ္စာဖောက်မှုနဲ့ ပတ်သက်ပြီး သတင်း ထိန်ချန်မှု ပုဒ်မ(၁၂၄) ရဲ့ ပုဒ်မခွဲ(က) ဖြစ်တဲ့ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ(၂၅)၊ အဂတိလိုက်စားမှုပုဒ်မ(၅၅) နဲ့ ပုဒ်မ (၆၃) အပါအဝင် စုစုပေါင်းအမှု (၇) ခုနဲ့ စွဲချက် တင်ထားတာဖြစ်ပါတယ်။

အမှု (၇) မှု ဖြစ်တဲ့အတွက် ရက်ပေါင်း ၁၈၀ အတွင်း အပြီးစစ်ဆေးနိုင်ဖို့ အပတ်စဉ် တနင်္လာနဲ့ အင်္ဂါနေ့တိုင်း နေပြည်တော် ဇမ္ဗူသီရိမြို့နယ်က သီးသန့်တရားရုံးမှာ စစ်ဆေးနေတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်တို့အတူ နေပြည်တော် မြို့တော်ဝန် ဖြစ်တဲ့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးနဲ့ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူတို့ သုံးယောက်ကိုလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅၊ ပုဒ်မ (၆၃) တို့နဲ့ အမှုဖွင့်ထားတာဖြစ်ပါတယ်။

သူတို့ သုံးယောက်စလုံးကိုလည်း ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာ သိမ်းပြီးချိန်ကစပြီး နှစ်လအတွင်း ရက်အနည်းငယ်စီခြားပြီး စစ်ကောင်စီက ဖမ်းဆီးထားတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းတဲ့နေ့ စဖမ်းပြီးကတည်းက အွန်လိုင်း ဗွီဒီယိုစနစ်နဲ့ပဲ ရုံးထုတ်ခဲ့ပြီး နောက် မေလ ၂၄ ရက်နေ့မှာမှ နေပြည်တော်ကောင်စီဝင်းထဲက အထူးပြုလုပ်ထားတဲ့ တရားရုံးမှာ ပထမဆုံး အကြိမ် လူကိုယ်တိုင် ရုံးထုတ်ပြီး ရှေ့နေတွေနဲ့ တွေ့ခွင့်ပေးခဲ့တာဖြစ်ပါတယ်။

ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ (၈)အတွက် အမြင့်ဆုံးထောင်ဒဏ် သုံးနှစ်၊ ဆက်သွယ်ရေးပုဒ်မ (၆၇)အတွက် အမြင့်ဆုံးထောင်ဒဏ် တစ်နှစ်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုကို ပျက်ပြားအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ)အတွက် အမြင့်ဆုံးထောင်ဒဏ် နှစ်နှစ်၊ နိုင်ငံတော် သစ္စာဖောက်မှုနဲ့ ပတ်သက်ပြီး သတင်းထိန်ချန်မှု ပုဒ်မ ၁၂၄ ရဲ့ ပုဒ်မခွဲ (က) ဖြစ်တဲ့ နိုင်ငံတော် အကြည်ညိုပျက်စေမှုအတွက် အမြင့်ဆုံးထောင်ဒဏ် တစ်သက် တစ်ကျွန်း၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ (၂၅) အတွက် အမြင့်ဆုံး ထောင်ဒဏ်က သုံးနှစ်၊ အဂတိ လိုက်စားမှု ပုဒ်မ (၅၅)အတွက် အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်နဲ့ ပုဒ်မ (၆၃) ကလည်း ၁၅ နှစ် ချမှတ်နိုင်တဲ့ အတွက် အမှုအားလုံးကိုသာ စစ်ကောင်စီက အမြင့်ဆုံးပြစ်ဒဏ်ပေးခဲ့ရင် စုစုပေါင်းထောင်ဒဏ် ၃၉ နှစ်အပြင် တစ်သက်တစ်ကျွန်းပါ ပါဝင်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့