ဒေါ်အောင်ဆန်းစုကြည်အမှု သက်သေကန့်ကွက်ချက် လေးကြိမ်မြောက် ပယ်ချခံရ

အေးအေးမွန် (နော်ဝေ)
2021.07.06

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင် တို့အပေါ် စွဲဆိုထားတဲ့ အမှုတွေထဲက နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ ပတ်သက်တဲ့ သက်သေပြင်ဆင်ချက်ကို တိုင်းအဆင့်ထိ တက်ဖို့ရှိတာကြောင့်၊ အဲဒီအမှုရဲ့ တရားလိုကို ဒီနေ့ မစစ်ဆေးသေးဘဲ ရုံးချိန်းရွှေ့ဆိုင်းပေးဖို့ တင်ပြခဲ့ပေမယ့် ထပ်မံပယ်ချခံရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဒေါ်မင်းမင်းစိုးက RFA ကို ပြောပါတယ်။

“ဒီအမှုကို ဆက်လက်ပြီး စစ်ဆေးမယ်ဆိုပါကလည်း စွပ်စွဲခံရသူတွေမှာ အခွင့်အရေးတွေ နစ်နာဆုံးရှုံးရ မှာဖြစ်တယ်။ အများပြည်သူတွေကနေ တရားရုံးများအပေါ် လေးစားယုံကြည် အားကိုနိုင်ရန်အတွက်နဲ့ အမှုသည်ရဲ့ အခွင့်အရေးတွေ နစ်နာဆုံးရှုံးမှု မရှိစေဖို့တွက်၊ နောက် အထက်တရားရုံးတော်ကနေပြီးတော့မှ စွပ်စွဲခံရသူရဲ့ ပြင်ဆင်မှုကို လက်ခံခဲ့ပါကလည်း တရားလိုကို ဒီနေ့ စစ်မယ်ဆိုတဲ့ စစ်ဆေးမှုဟာ အဟော သိကံဖြစ်သွားမှာ။ ဒါကြောင့်မိုလို့ အခုလို အခြေအနေမှာ ရုံးတော်ကနေပြီးတော့မှ သင့်လျော်သလို ဆုံးဖြတ်ပေးဖို့ဆိုပြီးတော့မှ ကျွန်မတို့ဘက်က ထပ်ပြီးတော့ ပြန်ရှင်းလျှောက်လဲချက် ပြန်ပေးပါတယ်ရှင့်၊ ပေးတဲ့အခါကျတော့ ရုံးတော်ကနေပြီးတော့မှ စွပ်စွဲခံရသူ ရှေ့နေလျှောက်ထားတဲ့ ရုံးချိန်းရွှေ့ဆိုင်းပေးဖို့ လျှောက်ထားချက်ကို ပယ်တဲ့အမိန့်ကိုချတယ်။ ချမှတ်ပြီးတော့မှ တရားလို ဦးစိုးစိုးရွှေကို ဆက်လက်ပြီး တော့ စစ်ဆေးဖို့ဆိုပြီးတော့ အမိန့်ချပါတယ်ရှင့်”

တရားလိုကို ဆက်လက်စစ်ဆေးတဲ့အချိန်မှာလည်း တရားလိုဘက်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ရဲ့ ဇွန်လ ၂၃ ရက် ရက်စွဲနဲ့ နေပြည်တော်ကောင်စီဘက်ကို ပြန်ကြားလာတဲ့ စာတစ်စောင်ကို သက်သေခံ အဖြစ် တင်သွင်းခဲ့ပြီး၊ အဲဒီစာဟာ အမှုအတွက် တရားရုံးကို ဦးတိုက်လျှောက်ထားစဉ်ကတည်းက သက်သေခံ စာရင်းမှာ မပါဘဲ ကြားဖြတ်တင်သွင်းတာဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က ဥပဒေအရ ကန့်ကွက်ခဲ့ပေမယ့် တရားရုံးကပယ်ချခဲ့ပြီး အဲဒီသက်သေခံကို ဆက်လက်တင်သွင်းခွင့်ပြုခဲ့ပါတယ်။

ဒါကြောင့် ၅၀၅ (ခ) အမှုနဲ့ပတ်သက်လို့ ဇွန်လ ၂၉ ရက် ရုံးချိန်းမှာ နေပြည်တော် အထူးတရားရုံးကို စစ်ကောင်စီဘက်က တင်သွင်းလာတဲ့ စာရွက်စာတမ်းတွေနဲ့ပတ်သက်လို့ ကန့်ကွက်တာကို ပယ်ချခံရတာ တစ်ကြိမ်၊ အဲဒီသက်သေတွေကိုပဲ မနေ့က ဒက္ခိဏခရိုင် တရားရုံးက တစ်ကြိမ် ပယ်ချခံရပြီး၊ ဒီနေ့မှာလည်း ၂ ကြိမ် ပယ်ချခံရတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ရဲ့ တင်ပြချက်တွေ လေးကြိမ်တိုင်တိုင် ပယ်ချခံနေရတာဖြစ်ပါတယ်။

"ရုံးတော်ကနေပြီးတော့မှ စွပ်စွဲခံရသူ ရှေ့နေလျှောက်ထားတဲ့ ရုံးချိန်းရွှေ့ဆိုင်းပေးဖို့ လျှောက်ထားချက်ကို ပယ်တဲ့အမိန့်ကိုချတယ်"

ဒီနေ့ တရားလိုဘက်က တင်သွင်းခဲ့တဲ့ သက်သေတွေစာရွက်ထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ရဲ့ အမည်စာရင်းတွေ ပါဝင်တယ်လို့ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

အထူးတရားရုံးက ဒီနေ့မှာ ပုဒ်မ ၅၀၅ (ခ) အတွက် တရားလို တစ်ယောက်၊ တရားလိုပြသက်သေ တစ် ယောက်၊ သဘာဝဘေးအန္တာရာယ် စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ အတွက် တရားလိုပြသက်သေ လေးယောက် စုစုပေါင်း ခြောက်ယောက်ကို စစ်ဆေးခဲ့ပါတယ်။

တရားရုံးချိန်းမစတင်ခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူတို့ရဲ့ ရှေ့နေအဖွဲ့တို့ နာရီဝက်လောက် လူချင်းတွေ့ ဆုံခွင့်ရခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိနေပြီး အက်တာနက် စာမျက်နှာတွေပါ်မှာ သတင်းအမှားတွေ ပြန့်နေသလို ကိုဗစ်ရောဂါရောဂါပိုး ကူးစက်ခံရတဲ့ဆိုတာ မဟုတ်ဘူးလို့ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

“အမေက ကျန်းကျန်းမာမာပါပဲ၊ ကိုဗစ်ကာကွယ်ဆေးလည်း ထိုးထားတယ်၊ ဒါပေမဲ့ အမေ့ကို မေးကြည့် တာ ၂ ကြိမ်ထိုးပြီးပြီဆိုတော့ ကာကွယ်ဆေးထိုးပြီးပါပြီတဲ့ ၂ ကြိမ်လုံး အမေအပြင်ကိုမှ ခြံထဲကလူ တွေလည်း အကုန်လုံးထိုးပြီးပါပြီတဲ့ အဲလိုပြောပါတယ်ရှင့်။ ကိုဗစ်ကို သူစိတ်ပူတယ်ဆိုတဲ့ အကြောင်း ကတော့ ပြောတယ်။ ပိုပြီးတော့မှ အရင်ကာလနဲ့မတူဘဲ ပြင်းထန်တဲ့အတွက်ကြောင့်မိုလို့ ဂရုစိုက် နေထိုင်ကြဖို့၊ ပြည်သူတွေအချင်းချင်း တစ်ယောက်နဲ့ တစ်ယောက်နဲ့ပေါ့နော် ကျန်းမာရေးအတွက် ဂရုပြုရမယ့် ကန့်သတ်ချက်တွေ တားမြစ်ချက်တွေကို ဂရုတစိုက်နဲ့ လူတွေအချင်းချင်းလည်း ကူညီကြဖို့ ပြောပါတယ်”

ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းပြီးကတည်းက ပြင်ပလူတွေနဲ့ ထိတွေ့ဆက်ဆံခွင့် ပေးမထားဘဲ အာဏာသိမ်းပြီး ၂ ပတ်အကြာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ရောက်မှ အွန်လိုင်းစနစ်နဲ့ စတင်ရုံးထုတ်ခဲ့တာဖြစ်ပါတယ်။

dassk-free.jpg
(နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ရန်ကုန်မြို့ အမေရိကန်သံရုံးရှေ့မှာ ၂၀၂၁ ဖေဖော်ဝါရီ ၁၉ ရက်နေ့က ဆန္ဒပြနေသူ တစ်ဦးကို တွေ့ရစဉ်)

မေလ ၂၄ ရက်နေ့မှာတော့ နေပြည်တော်ကောင်စီဝန်းထဲက အဆောက်အဦတစ်ခုကို အထူးတရားအဖြစ် ပြောင်းလဲ၊ လူကိုယ်တိုင်ရုံးထုတ်ခဲ့ပြီး အပတ်စဉ် တနင်္လာနဲ့ အင်္ဂါနေ့တိုင်း ရုံးထုတ်စစ်ဆေးနေတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နိုင်တဲ့ မြန်မာနိုင်ငံ လျှို့ဝှက်အက်ဥပဒေ ပုဒ်မ ၃-၁ (ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ (၅၅) အပါအဝင် စုစုပေါင်းအမှု (၇) ခုနဲ့ စစ်ကောင်စီက စွဲချက်တင်ထားပါတယ်။

သူ့ကို စွဲထားတဲ့အမှုတွေမှာ ပို့ကုန်/သွင်းကုန် ဥပဒေ ပုဒ်မ (၈)အတွက် အမြင့်ဆုံးထောင်ဒဏ် ၃ နှစ်၊ ဆက် သွယ်ရေးပုဒ်မ (၆၇)အတွက် အမြင့်ဆုံးထောင်ဒဏ် တစ်နှစ်၊ ပုဒ်မ ၅၀၅ (ခ) အတွက် အမြင့်ဆုံးထောင်ဒဏ် ၂ နှစ်၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်အက်ဥပဒေ ပုဒ်မ ၃-၁ (က) အတွက် အမြင့်ဆုံးထောင်ဒဏ် ၁၄ နှစ်၊ သဘာ၀ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ (၂၅) အတွက် အမြင့် ဆုံးထောင်ဒဏ်က ၃ နှစ်၊ အဂတိလိုက်စားမှု ပုဒ်မ (၅၅)အတွက် အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ် ချမှတ်နိုင်တဲ့အတွက် အမှုအားလုံးကိုသာ စစ်ကောင်စီက အမြင့်ဆုံးပြစ်ဒဏ်ပေးခဲ့ရင် စုစုပေါင်းထောင်ဒဏ် ၄၀ ကျော်လောက် ကျခံရမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။