ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဂတိအမှု အယူခံ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ ကြားနာမည်

2022.08.18
Share on WhatsApp
Share on WhatsApp
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဂတိအမှု အယူခံ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ ကြားနာမည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၈ ခုနှစ်မှာ တွေ့ရစဥ်
AFP Photo

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီ ကနေ ရွှေနဲ့ ဒေါ်လာတွေ လက်ခံရယူတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ဒဏ်ချမှတ်ခံထား ရတဲ့အမှုနဲ့ ပတ်သက်လို့ အယူခံတင်ထားမှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ နှစ်ဖက်ကြားနာဖို့ရှိတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့ နေပြည်တော် အထူးတရားရုံးက ဧပြီလ ၂၇ ရက်နေ့မှာ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ ထောင်ဒဏ် ငါးနှစ် ချမှတ်ခံထားရတာပါ။

တိုင်းဒေသကြီး တရားလွှတ်တော်အဆင့်မှာ အမိန့်ချမှတ်ခဲ့တာဖြစ်လို့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ရှေ့နေတွေက ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ အယူခံတက်ခဲ့ပြီး ဒီအမှုကို လက်ခံစစ်ဆေးဖို့ ဩဂုတ်လ ၁၇ ရက် မနေ့က ပြည်ထောင်စုတရားလွှတ်တော်ချုပ်က လက်ခံခဲ့တာပါ။

နှစ်ဖက်လျှောက်လဲချက်ကို ဘယ်ရက်မှာ ကြားနာမယ်ဆိုတာကိုတော့ ထုတ်ပြန်လာတာ မရှိသေးပါဘူး။
မနေ့က တစ်ရက်တည်းမှာပဲ အမိန့်ချပြီးသားအမှုတွေဖြစ်တဲ့ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်ရဲ့ အဂတိမှု တစ်မှုနဲ့ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းရဲ့ အဂတိမှု ငါးမှု တို့ အယူခံဝင်မှုကိုလည်း နှစ်ဖက်လျှောက်လဲချက်ကြားနာဖို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က လက်ခံခဲ့ပါတယ်။

စစ်ဆေးဆဲဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ထံက ဒေါ်လာတွေ လက်ခံရယူတယ်ဆိုတဲ့ အမှု နှစ်ခုကိုတော့ လက်မခံဘဲ ပယ်ချခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ၁၉ ခုနဲ့ တရားစွဲဆိုခံထားရပြီး လက်ရှိမှာ အမှု ၁၀ မှုအတွက် ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံထား ရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့ကတည်းက အသက် ၇၇ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ နေပြည်တော် အချုပ်ထောင်ထဲက သီးသန့်ဆောင်တစ်ခုကို ပြောင်းရွှေ့ခံခဲ့ရပြီး ကျန်နေတဲ့ အမှုတွေကိုလည်း အချုပ်ထောင်တွင်း တရားရုံးမှာပဲ ဆက်လက်တရားရင်ဆိုင် နေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။