ငြိမ်းချမ်းရေးယဉ်ကျေးမှု ထူထောင်ဖို့ ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း
2018.12.01
လူအသိုင်းအဝိုင်းတွေကြား ဖြစ်နေတဲ့ပဋိပက္ခတွေ ချုပ်ငြိမ်းရေးအတွက် ငြိမ်းချမ်းရေးယဉ်ကျေးမှုတစ်ခု ထူထောင်ဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောဆိုလိုက်ပါတယ်။
နီပေါနိုင်ငံ ခတ္ထမန္ဒူမြို့မှာ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးဖောင်ဒေးရှင်းအဖွဲ့က ကမကထပြုလုပ်တဲ့ ဆွေးနွေးဟောပြောပွဲမှာ မနေ့ကပြောလိုက်တာပါ။
ပဋိပက္ခတွေဟာ ပျက်စီးရာပျက်စီးကြောင်းနဲ့ ဒဏ်ရာတွေဖြစ်စေသလို၊ နာကြည်း ခါးသီးစရာတွေဖြစ်စေတယ်၊ အမုန်းတရားနဲ့ အကြောက်တရားတွေကို သံသရာလည်စေတယ်၊ ငြိမ်းချမ်းရေး ရောင်ခြည်ကို ငြိမ်းသတ်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒါကြောင့် နိုင်ငံတွေကြားမှာ ငြိမ်းချမ်းရေးနဲ့ အပြန်အလှန် အကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်းလိုက်ပါတယ်။
ဒါ့အပြင် လွတ်လပ်တဲ့ဒီကမ္ဘာကြီးမှာ ငြိမ်းချမ်းရေးယဉ်ကျေးမှုတစ်ရပ် ထွန်းကားအောင် မြှင့်တင်ခြင်းကသာ၊ တိုင်းပြည်တွေ၊ လူ့အဖွဲ့အစည်းတွေကြားမှာ ချစ်ကြည်ရင်းနှီးပြီး သဟဇာတဖြစ်အောင် ဖန်တီးနိုင် လိမ့်မယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဒီဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ တစ်ခွန်းမှထည့်ပြောမသွားဘူးလို့ နိုင်ငံတကာသတင်းတွေမှာ ရေးသားနေကြပါတယ်။
နီပေါနိုင်ငံ ခတ္ထမန္ဒူမြို့က ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာ အယောက် (၃၀၀) လောက်ရှိနေပါတယ်။