အတိုင်ပင်ခံပုဂ္ဂိုလ် မြစ်ကြီးနား ရောက်ရှိ


2019.01.09
dassk-putao-622.jpg နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့က ပူတာအိုမြို့ကို ရောက်ရှိလာစဉ်
Photo: Myanmar State Counsellor Office

မနက်ဖြန် ကျင်းပမယ့် ကချင်ပြည်နယ်နေ့ အခမ်းအနားမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမယ်လို့ သိရပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ မနေ့က ပူတာအိုမြို့ကို ရောက်ရှိလာတာဖြစ်ပြီး ပူတာအိုမြို့နဲ့ ခေါင်လန်ဖူးမြို့ကို ဖောက်လုပ် ထားတဲ့ မဂွေဇ - ဆန်းလွှတ်ချက် လမ်းဖွင့်ပွဲကို တက်ရောက်ခဲ့သလို မချမ်းဘောမြို့ကိုလည်း မနေ့က ညနေပိုင်းမှာ သွားရောက်ကြည့်ရှုခဲ့ပါတယ်။

ဒီနေ့မနက်မှာတော့ ပူတာအိုမြို့မှာ တည်ဆောက်ထားတဲ့ အထက်နမ့်ထွမ် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံဖွင့်ပွဲကို တက်ရောက်ခဲ့ပါတယ်။

အဲဒီရေအားလျှပ် စစ်ဓာတ်အားပေးစက်ရုံက ထွက်ရှိတဲ့ လျှပ်စစ်ဓာတ်အားတွေကို ပူတာအိုမြို့နဲ့ မချမ်းဘောမြို့တွေ ကို ဖြန့်ဖြူးပေးသွားမှာဖြစ်ပြီး ကျေးရွာ ၁၈ ရွာကိုလည်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးသွားမယ်လို့ သိရပါတယ်။

အရင်က ပူတာအိုမြို့ပေါ်မှာသာ ညဘက်ကို အချိန်ပိုင်းနဲ့လျှပ်စစ်မီးရရှိနေတာဖြစ်ပြီး အထက်နမ့်ထွမ် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ဖွင့်လှစ်နိုင်ပြီဖြစ်တာကြောင့် ပူတာအိုမြို့နဲ့ မချမ်းဘောမြို့တွေမှာ ၂၄ နာရီ လျှပ်စစ်ဓာတ်အား ရရှိတော့မှာဖြစ်ပါတယ်။

ကချင်ပြည်နယ်နေ့ အခမ်းအနားနဲ့ ပတ်သက်ပြီး ဒေသခံတွေကြား ကချင်မနောပွဲအမည်နဲ့ ဂျိန်းဖောမနောပွဲတော် အမည်ဆိုပြီး နာမည်ပေးမှုအပိုင်းမှာ အငြင်းပွားမှုတွေရှိနေပြီး မနောကွင်းမှာတော့ လုံခြုံရေးပိုင်း တင်းတင်းကြပ်ကြပ် ချထားတယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင်နဲ့ မအဲလိဇဘက် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။