ဒေါ်အောင်ဆန်းစုကြည် မဟာချိုင်မှာ အလုပ်သမားတွေ နဲ့ တွေ့ဆုံမည်

2016-06-20
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
Photo: RFA

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန် မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ထိုင်းနိုင်ငံ မဟာချိုင်မြို့ က တလေထိုင်းခန်းမမှာ လာမယ့် ဇွန်လ ၂၃ ရက်နေ့ မှာ တွေ့ဆုံမှာဖြစ်ပြီး အဲဒီတွေ့ဆုံပွဲကို နိုင်ငံကူးလက်မှတ်နဲ့ ပန်းရောင်ကဒ် ကိုင်ဆောင်ထားသူတွေကိုသာ တက်ရောက်ခွင့်ပြုမှာ ဖြစ်ပါတယ်။

တလေထိုင်း ခန်းမဟာ လူ ၅၀၀ လောက်သာဆံ့တဲ့အတွက် ခန်းမအပြင်မှာ LED တီဗီဖန်သားပြင်နဲ့ ပြသသွား မှာ ဖြစ်တယ်လို့ ပွဲဖြစ်မြောက်ရေး ၀ိုင်းဝန်းစီစဉ်နေ တဲ့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံသား များအဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က ပြောပါတယ်။

"ရာသီဥတုအခြေအနေကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို အလုပ်သမား ၅ဝဝ လောက်ဆံ့တဲ့ အခန်းထဲမှာတွေ့ မယ်၊ ကျန်တဲ့သူတွေကတော့ အပြင်မှာလူတွေ သောင်းချီ သိန်းချီလာနိုင်တယ်၊ အဲ့ဒီမှာ LED တွေ ထောင်ထား ပြီးတော့မှ ဒေါ်အောင်ဆန်းစုကြည် ပြောတာတွေကိုကြည့်ရမယ်၊ ဒေါ်အောင်ဆန်းစုကြည် အခန်းထဲကို ဝင်ရောက်ခွင့်ရမယ့် အလုပ်သမားတွေကတော့ ဦးရာလူစနစ်ပေါ့နော်၊ ဝင်တဲ့အလုပ်သမားတွေမှာ ပန်းရောင်ကဒ် သို့ နိုင်ငံကူးလက်မှတ်ရှိဖို့လိုတယ်၊ ဗမာပြည်သားဖြစ်ဖို့လိုတယ်၊ အဲ့ဒါတွေကို ထိုင်းလုံခြုံရေးတွေက သေသေ ချာချာစိစစ်ပြီးတော့ သွင်းမှာဖြစ်တယ်၊ တခြားကန့်သတ်ချက်တွေတော့ မရှိပါဘူး"

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအရေး အကူအညီပေးနေတဲ့ အဖွဲ့ ၁၃ ဖွဲ့ဟာ ဒေါ်အောင်ဆန်း စုကြည်နဲ့ အလုပ်သမားတွေ တွေ့ဆုံနိုင်ရေး အဆင်ပြေ ဖို့ ဆောင်ရွက်ပေးရမှာဖြစ်ပြီး လုံခြုံရေးကို ထိုင်းအစိုးရက တာဝန်ယူမှာဖြစ်ပါတယ်။

အဲဒီတွေ့ဆုံပွဲကို ညနေပိုင်းမှာ ကျင်းပမှာဖြစ်ပြီး တက်ရောက်လာသူတွေအနေနဲ့ ဒေါ်အောင်ဆန်း စုကြည်ကို တိုက်ရိုက်တင်ပြခွင့် ဒါမှမဟုတ် စာနဲ့ရေး သား မေးမြန်းခွင့်တွေရရှိနိုင်ကြောင်းလည်း ပြောပါတယ်။

၂၀၀၈ ခုနှစ်ကစပြီး မြန်မာနဲ့ ထိုင်းအစိုးရတို့ကြား အလုပ်သမားတင်သွင်းခွင့် နားလည်မှုစာချွန်လွှာ MOU စနစ်ဟာ ကြားပွဲစားတွေကြောင့် အလုပ်သမားတွေ ထိခိုက်နစ်နာနေတဲ့အတွက် MOU စနစ်ကို ရပ်ဆိုင်းပေးဖို့ ဒေါ်အောင် ဆန်းစုကြည်ကို တောင်းဆိုမယ်လို့လည်း ဦးကျော်သောင်းက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ၄ သန်းလောက်ရှိနေပြီး တရားဝင် မှတ်ပုံတင်ပြီး အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ၂ သန်း နီးပါး ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၂ ခုနှစ်ကလည်း မဟာချိုင်မြို့မှာ မြန်မာနိုင်ငံသား အလုပ်သမားတွေ နဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ အန်အယ်လ်ဒီ အစိုးရသစ် တာဝန်ယူပြီး ဒုတိယမြောက် နိုင်ငံခြား ခရီးစဉ် အဖြစ် ထိုင်းနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။ ဒီတစ်ကြိမ် ခရီးစဉ်ဟာ ထိုင်းအစိုးရရဲ့ ဖိတ်ကြားချက်နဲ့ သွားရောက်တဲ့ ခရီးစဉ်ဖြစ်ပြီး ဇွန်လ ၂၄ ရက်နေ့မှာ ထိုင်းအစိုးရ၀န်ကြီးချုပ်အပြင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့လည်း တွေ့ဆုံ မှာဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့