အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေ အလွတ်သဘောတွေ့ဆုံဖို့ရှိ

2018-11-20
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့ နေပြည်တော်မှာ ၂၀၁၈ အောက်တိုဘာလ ၁၅ ရက်နေ့ကကျင်းပတဲ့ အစိုးရနဲ့ NCA-S-EAO ခေါင်းဆောင်များ သီးသန့်အစည်းအဝေးကို တက်ရောက်လာစဉ်
KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့ နေပြည်တော်မှာ ၂၀၁၈ အောက်တိုဘာလ ၁၅ ရက်နေ့ကကျင်းပတဲ့ အစိုးရနဲ့ NCA-S-EAO ခေါင်းဆောင်များ သီးသန့်အစည်းအဝေးကို တက်ရောက်လာစဉ်
Photo: Myanmar State Counsellor Office

နေပြည်တော်မှာ မနက်ဖြန် စတင်ကျင်းပမယ့် ဘာသာပေါင်းစုံငြိမ်းချမ်းရေး Religions For Peace ပွဲ ကို KNU ဥက္ကဋ္ဌ မူတူးစေးဖိုး အဖွင့်မိန့်ခွန်း တက်ရောက် ပြောကြားဖို့ရှိပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့နဲ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးဖို့ရှိနိုင်တယ်လို့ သိရပါတယ်။

အဲဒီပွဲကို မူတူးစေးဖိုး အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တချို့ပါ တက်ရောက်ဖို့ရှိပြီး အစိုးရ၊ တပ်မတော် ခေါင်းဆောင်တွေနဲ့ အလွတ်သဘောဆွေးနွေးတဲ့ ပုံစံမျိုးရှိလာနိုင်တယ်လို့ KNU ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က RFA ကို ဒီနေ့ ပြောပါတယ်။

Religions For Peace အဖွဲ့က ဦးဆောင် ကျင်းပမယ့် မြန်မာနိုင်ငံအတွင်း အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးထွန်းကားရေးအတွက် အကြံပြုဆွေးနွေးပွဲကို နိုဝင်ဘာလ ၂၁ နဲ့ ၂၂ ရက်နေ့ နေပြည်တော်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

အောက်တိုဘာလက နေပြည်တော်မှာ ကျင်းပခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ NCA အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ အဆင်မပြေတာတွေ ရှိခဲ့တဲ့အတွက် အခုလို အလွတ်သဘောထပ်မံတွေ့ဆုံရင် ကောင်းမွန်တဲ့ ရလဒ်တချို့ ရလာနိုင်တယ်လို့ ပဒိုမန်းငြိမ်းမောင် ကပြောပါတယ်။

တဆက်တည်းမှာပဲ အစိုးရငြိမ်းချမ်းရေး ကော်မရှင်နဲ့ KNU ၊ RCSS ၊ KNPP နဲ့ KIA အဖွဲ့တို့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ချင်းမိုင်မြို့မှာ အလွတ်သဘောတွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်ရှေ့ဆက်တိုးဖို့ အတားအဆီးဖြစ်နေရတဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

နှစ်ရက်ကြာ ကျင်းပမယ့် Religions For Peace ပွဲကို ကက်သလစ် ခရစ်ယာန် ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကာဒီနယ်လ် ချားလ် မောင်ဘိုအပါအ၀င် ဘာသာပေါင်းစုံက ခေါင်းဆောင်တချို့ တက်ရောက်မယ်လို့ သိရပါတယ်။

မနက်ဖြန်ကျင်းပမယ့် ဘာသာပေါင်းစုံငြိမ်းချမ်းရေးပွဲကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ခေါင်းဆောင်တွေကို လည်း တက်ရောက်ဖို့ ဖိတ်ကြားထားတာဖြစ်ပါတယ်။

နေပြည်တော်မှာ အောက်တိုဘာလက ကျင်းပခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲမှာ အဆင်မပြေတာတွေရှိခဲ့တဲ့အတွက် အခုလို အလွတ်သဘောထပ်မံတွေ့ဆုံရင် ကောင်းမွန်တဲ့ ရလာဒ်တချို့ ရလာနိုင်တယ်လို့ KNU ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က ပြောပါတယ်။

"ဘာဖြစ်သလဲဆိုတော့ ဒါက အခွင့်အလမ်းတစ်ခုအနေနဲ့ ပွဲစီစဉ်တဲ့သူတွေက တွေ့ပေးနိုင်တယ်လေ၊ ပြီးခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲတုန်းက တစ်ဆို့နေတဲ့ ဟာတွေရှိတယ်မလား၊ ဒီလိုအလွတ်သဘောတွေ့တဲ့အခါကျတော့ ပေါ့ပေါ့ပါးပါးနဲ့ ပြောကြဆိုကြနဲ့အခါကျတော့ ကောင်းမွန်တဲ့ အကျိုးရလဒ်တွေ ရှိနိုင်တယ်ဆိုတာ ခေါင်းဆောင် တိုင်း သိတာပဲ၊ ဟုတ်တယ်မလား။"

ဒါပေမဲ့ မူတူးစေးဖိုးဟာ KNU ဥက္ကဋ္ဌ တစ်ဦးအနေနဲ့ အဖွဲ့ကို ကိုယ်စားပြုပြီး တက်ရောက်မှာ မဟုတ်ဘဲ ပုဂ္ဂိုလ်ရေး အရ ဖိတ်ကြားတဲ့အတွက် တက်ရောက်တာလို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

KNU အဖွဲ့ဟာ နေပြည်တော် ထိပ်သီးဆွေးနွေးပွဲ နောက်ပိုင်းမှာ အစိုးရနဲ့ တရာဝင်ဆွေးနွေးပွဲတွေကို တက်ရောက်ဖို့ ဆိုင်းငံ့ထားမယ်လို့  ဆုံးဖြတ်ထားတာဖြစ်ပါတယ်။

အလားတူ RCSS ဥက္ကဌ ဗိုလ်ချုပ် ယွက်ဆစ်လည်း မနက်ဖြန်ဆွေးနွေးပွဲကို တက်ရောက်ဖို့မရှိဘူးလို့ သိရပါတယ်။

တဆက်တည်းမှာပဲ အစိုးရငြိမ်းချမ်းရေး ကော်မရှင်နဲ့ KNU  ၊ RCSS ၊ KNPP  နဲ့ KIA အဖွဲ့တို့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ချင်းမိုင်မြို့မှာ အလွတ်သဘောတွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်ရှေ့ဆက်တိုးဖို့ အတားအဆီးဖြစ်နေရတဲ့ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

နိုင်ငံရေးလေ့လာသူ၊ စာရေးဆရာ ဦးမောင်မောင်စိုးက အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲတွေ များများလုပ်နိုင်လေ တစ်ဦးရဲ့ လိုလားချက်ကို တစ်ဦးက သိပြီး အကျိုးရှိနိုင်ပါတယ်လို့ ပြောပါတယ်။

"ကျနော့်အမြင်ကတော့ အလွတ်သဘောဆွေးနွေးပွဲသာ လုပ်ဖြစ်ရင်ကတော့ ကောင်းတာပေါ့ဗျာ၊ ဒါအလား အလာ ပိုကောင်းတယ်လို့ ပြောရမှာပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ ဒီလို အလွတ်သဘော ဆွေးနွေးပွဲတွေ ကနေပြီးတော့ တစ်ဖက်နဲ့ တစ်ဖက်နားလည်မှုရယ်၊ တစ်ဖက်ကလိုချင်တာဘာလဲ တစ်ဖက်က မလိုချင်တာ ဆိုတာ ဘာလဲဆိုတာ ညှိနှိုင်းရင် အဖြေတစ်ခုပေါ့ ဘယ်လိုရှာမလဲဆိုတာ ကျနော်တို့နည်းလမ်းရှာလို့ရမှာပါ။ အလွတ်သဘောဆွေးနွေးပွဲ များများလုပ်နိုင်လေ ကောင်းလေပါပဲ။"

နေပြည်တော်မှာ တွေ့ဆုံမယ့် အလွတ်သဘောဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ တာဝန်ခံဖြေကြားမယ့်သူ မရှိပါဘူး။

နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးကလည်း နေပြည်တော်မှာ နှစ်ပတ် တစ်ကြိမ်ကျင်းပတဲ့ သမ္မတ အိမ်တော် သတင်းစာရှင်းလင်းပွဲမှာပဲ သတင်းထောက်တွေ မေးလိုတာကို ဖြေကြားနိုင်မယ်လို့ ပြောပါတယ်။

နှစ်ရက်ကြာ ကျင်းပမယ့် Religions For Peace ပွဲကို ကက်သလစ် ခရစ်ယာန် ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကာဒီနယ်လ် ချားလ် မောင်ဘိုအပါအ၀င် ဘာသာပေါင်းစုံက ခေါင်းဆောင်တချို့ တက်ရောက်မယ်လို့ သိရပါတယ် ခင်ဗျာ။

ဒီသတင်းကို RFA သတင်းထောက် ကိုသီဟထွန်း ပေးပို့လိုက်တာပါ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့