ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် တွေ့ဆုံ၊ သမ္မတဦးထင်ကျော် တရုတ်ပြည်ရောက်


2017.04.07
htinkyaw-china-620.jpg နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချန်ဒူးမြို့ Shuang Liu အပြည်ပြည်ဆိုင်ရာလေဆိပ် ကို ဧပြီလ ၆ ရက်နေ့က ရောက်ရှိစဉ်
Photo: Myanmar President Office

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ သမ္မတအိမ်တော် မှာ မနေ့က တွေ့ဆုံခဲ့ပါတယ်။

အဲဒီ ဆွေးနွေးပွဲမှာ နိုင်ငံအတွက် အရေးကြီးတဲ့ကိစ္စတွေကို ဆွေးနွေးတယ်လို့ နိုင်ငံခြားရေးဌာန အမြဲတမ်း အတွင်း ဝန် ဦးကျော်ဇေယျက ပြောပေမယ့် အသေးစိပ်မသိရပါဘူး။

ဒီအတောအတွင်းမှာပဲ နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဦးဆောင်တဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည် စီချွမ်ပြည်နယ် ချန်ဒူးလေဆိပ်ကို မနေ့က ရောက်ရှိသွားခဲ့ရာမှာ ဒုတိယမြို့တော်ဝန်က ကြိုဆိုကြောင်းနဲ့ ပြည်နယ် ပါတီ အတွင်းရေးမှူးက ညစာနဲ့ တည်ခင်းဧည့်ခံကြောင်း သိရပါတယ်။

တရုတ်သမ္မတရှီဂျင်းပင်ရဲ့ဖိတ်ကြားချက်အရ သွားရာက်တဲ့ ဒီခရီးစဉ်အတွင်း စာချုပ် ၆ ခုခန့် လက်မှတ်ရေးထိုးဖွယ် ရှိတယ်လို့ အမြဲတမ်း အတွင်းဝန် ဦးကျော်ဇေယျက ပြောပါတယ်။

သမ္မတ ဦးထင်ကျော်ဟာ ဒီခရီးစဉ်အတွင်း မြစ်ဆုံရေကာတာစီမံကိန်း ကိစ္စကို တရုတ်သမ္မတနဲ့ ဆွေးနွေးလိမ့်မယ် လို့ သတင်းထွက်ပါတယ်။ တရုတ်ပြည်အနေနဲ့ မြန်မာအစိုးရထံက စီးပွားရေးနဲ့ မဟာဗျူဟာအရ အရေးပါတဲ့ တခြား အကျိုးခံစားခွင့်တွေ ရရှိမယ်ဆိုရင် မြစ်ဆုံရေကာတာစီမံကိန်းကို ဖျက်သိမ်းလိုတယ်လို့  ရိုက်တာသတင်းဌာနက ဧပြီ ၅ ရက်နေ့မှာ ရေးသားခဲ့ပါတယ်။

ဒါပေမဲ့ ဦးကျော်ဇေယျကတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အစိုးရဖွဲ့ထားတဲ့ ကော်မရှင်ရဲ့ ထုတ်ပြန်ချက် ကို စောင့်ပါလို့ပဲ ပြောပါတယ်။

ဒီအတွင်း တရုတ်သမ္မတ ရှီဂျင်းပင်ဟာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ တွေ့ဆုံဆွေးနွေးဖို့ အတွက် ဖလော်ရီဒါပြည်နယ်ကို ပြီးခဲ့တဲ့ နာရီအနည်းငယ်က ရောက်ရှိလာရာမှာ နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ရက်ခ် တီလာဆန်က တပ်မတော် ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုခဲ့ပါတယ်။ ကန် နဲ့ တရုတ် သမ္မတ ၂ ဦး ဒီကနေ့ ညစာ အတူတူသုံးဆောင်ပြီး သောကြာနေ့မှာ ဆွေးနွေးကြမှာဖြစ်ပါတယ်။

တရုတ်သမ္မတ ရှီဂျင်းပင်နဲ့ မြန်မာသမ္မတ ဦးထင်ကျော်တို့ တွေ့ဆုံမယ့် နေ့ရက်ကိုတော့ မသိရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။