လွှတ်တော်ဟာ ကိုယ်ကျိုးအတွက် အသုံးချစင်မြင့် မဟုတ်

2016-02-15
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဒုတိယအကြိမ် လွှတ်တော်ကိုယ်စားလှယ်တွေအတွက် လွှတ်တော်ဆိုင်ရာလုပ်ငန်း ရှင်းလင်းတင်ပြတဲ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် အဖွင့်မိန့်ခွန်းပြောကြားစဉ်
ဒုတိယအကြိမ် လွှတ်တော်ကိုယ်စားလှယ်တွေအတွက် လွှတ်တော်ဆိုင်ရာလုပ်ငန်း ရှင်းလင်းတင်ပြတဲ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် အဖွင့်မိန့်ခွန်းပြောကြားစဉ်
Photo: Win Ko Ko Latt/RFA

လွှတ်တော်ဆိုတာ ကိုယ်စားလှယ်တစ်ဦးအတွက် အသုံးချဖို့စင်မြင့် မဟုတ်သလို၊ ရာထူးနေရာရဖို့ လှေကားထစ် လည်းမဟုတ်ဘဲ နိုင်ငံနဲ့ပြည်သူ့အကျိုးကိုသာ ထမ်းဆောင်ရမယ့်နေရာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ဒုတိယအကြိမ် လွှတ်တော်မှာ တက်ရောက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ပြောလိုက်ပါတယ်။

ဒုတိယအကြိမ် လွှတ်တော်ကိုယ်စားလှယ်တွေအတွက် လွှတ်တော်ဆိုင်ရာလုပ်ငန်း ရှင်းလင်းတင်ပြတဲ့ အခမ်းအနားကို ဒီနေ့ လွှတ်တော်ဝင်းထဲမှာ စတင်ကျင်းပရာဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

"ကျမတို့ ကိုယ်စားလှယ်တွေ အားလုံးဟာ ကိုယ်စားလှယ်တွေဆိုတာ မေ့လို့မဖြစ်ပါဘူး၊ ပြည်သူကို ကိုယ်စားပြုပြီး တက်နေတာပါ၊ ကိုယ့်ကိုကိုယ် ကိုယ်စားပြုပြီး တက်နေတာ မဟုတ်ပါဘူး၊ အဲ့ဒါဟာ ကိုယ်စားလှယ်များ အားလုံး စွဲစွဲမြဲမြဲ နှလုံးသွင်းထားဖို့ လိုပါတယ်၊ ကျမတို့ လွှတ်တော်ဆိုတာဟာ ကိုယ်စားလှယ် တစ်ဦးချင်း တစ်ဦးချင်း ကိုယ့် အတွက် အသုံးချဖို့ စင်မြင့်လည်း မဟုတ်ပါဘူး၊ ရာထူး နေရာရဖို့အတွက် ခုတုံးလှေကားထစ်လည်း မဟုတ်ပါဘူး၊ သဘောထားမတူညီတဲ့ ပုဂ္ဂိုလ်များကြားမှာ နပန်းလုံးဖို့ ကြိုးဝိုင်းလည်း မဟုတ်ပါဘူး၊ ဒီနေရာဟာ ကျမတို့အားလုံး ဝိုင်းဝန်းပြီးတော့ နိုင်ငံနဲ့ ပြည်သူ့အကျိုးကို အတတ်နိုင်ဆုံး ထမ်းဆောင်ရမယ့်နေရာ ဖြစ်ပါတယ်၊ ပြည်သူတွေရဲ့ ကိုယ်စားလှယ်ဆိုတာဟာ ပြည်သူ့မျက်နှာကို အဓိကကြည့်ရမယ်"

ဒါ့အပြင် လူမျိုးစွဲ၊ ၀ါဒစွဲ၊ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ မထားဖို့ဆိုတဲ့ အရင်လွှတ်တော်ဟောင်းက ချမှတ်ခဲ့တဲ့ အစဉ်အလာကောင်း ကို ထိန်းသိမ်းကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

လွှတ်တော်ဆိုင်ရာလုပ်ငန်း ရှင်းလင်းတင်ပြတဲ့ အခမ်းအနားဟာ လွှတ်တော်ကိုယ်စားလှယ်တွေကို အရည်အချင်း မြှင့်တင်ဖို့အတွက် ကုလသမဂ္ဂဖံွ့ဖြိုးမှုအစီအစဉ် UNDP နဲ့ ပူးပေါင်းပြီး သင်တန်းပေးတာဖြစ်ပါတယ်။

သင်တန်းမှာ UNDP၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ နယူးဇီလန်၊ အရှေ့တီမော၊ အင်္ဂလန်၊ ဖိလစ်ပိုင် စတဲ့လွှတ်တော်တွေက ဥက္ကဌ၊ ဒုတိယဥက္ကဌဟောင်းတွေ၊ ကိုယ်စားလှယ်တွေ၊ ကိုယ်စားလှယ်ဟောင်းတွေ အပြင် ပြည်တွင်းက လွှတ်တော်ကိုယ်စားလှယ်ဟောင်းတွေနဲ့ ပညာရှင်တွေလည်း တက်ရောက်ဆွေးနွေးကြပါတယ်။

အဲ့ဒီသင်တန်းကို လွှတ်တော်ကိုယ်စားလှယ် ၄၆၅ ဦး တက်ရောက်ပြီး လာမယ့် ဖေဖော်ဝါရီလ ၁၉ရက်နေ့အထိ ၅ရက်ကြာမြင့်မှာဖြစ်ပါတယ်။

သင်တန်းကျင်းပတဲ့ရက်တွေမှာ ပြည်ထောင်စုလွှတ်တော်ကို မကျင်းပဘဲ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွေကိုသာ မနက်ပိုင်းကျင်းပမှာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖွင့်မိန့်ခွန်းနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ကောက်နုတ်တင်ပြထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံပါ သမ္မတအရည်အချင်း ကန့်သတ်ချက် ပုဒ်မ ၅၉ (စ) ပြင်ဆင်နိုင်ရေး အခြေအနေတွေ အပြင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး အလားအလာတွေနဲ့ ပတ်သက်ပြီး NLD နာယက ဦးတင်ဦးကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့