စကော့တလန်က ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုကြေးပြား ဖယ်ရှားဖို့ တင်ပြ

ရိုဟင်ဂျာမွတ်စလင်တွေအပေါ်လုံခြုံရေးတပ်တွေက လူ့အခွင့်အရေး ချိုးဖောက်ခဲ့တာတွေနဲ့ ပတ်သက်လို့ ရေငုံနှုတ်ပိတ်နေခဲ့တဲ့အတွက် စကော့တလန်နိုင်ငံက ပန်းခြံတစ်ခုမှာ ဂုဏ်ပြုရေးထိုးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်ထူးဆောင် ကြေးပြားတံဆိပ်ကို ဖယ်ရှားဖျက်ဆီးဖို့ မြို့တော်အကြီးအကဲက တင်ပြလိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ရစဉ်

ရိုဟင်ဂျာမွတ်စလင်တွေအပေါ် လုံခြုံရေးတပ်တွေက လူ့အခွင့်အရေး ချိုးဖောက်ခဲ့တာတွေနဲ့ ပတ်သက်လို့ တစ်စုံတရာ ဝေဖန်ထောက်ပြပြောဆိုခြင်းမရှိဘဲ ရေငုံနှုတ်ပိတ်နေခဲ့တဲ့အတွက် စကော့တလန်နိုင်ငံ အဘားဒင်းမြို့က ဟဇယ်ဟက်ဒ် ပန်းခြံမှာ ဂုဏ်ပြုရေးထိုးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်ထူးဆောင် ကြေးပြားတံဆိပ်ကို ဖယ်ရှားဖျက်ဆီးဖို့ အဘားဒင်းမြို့တော် အကြီးအကဲက မြို့ကောင်စီကို တင်ပြလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ရဲရဲဝံ့ဝံ့ ကြိုးပမ်းခဲ့တဲ့အတွက် အဘားဒင်း မြို့တော်ကောင်စီနဲ့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး AI က ဂုဏ်ပြုကြေးပြားကို ၂ဝဝ၉ ခုနှစ်မှာ စံပယ်ပန်းပင် တစ်ပင်နဲ့အတူ ကမကထပြု စိုက်ထူခဲ့တာဖြစ်ပါတယ်။

ဒီနေရာမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ကြေးပြားတစ်ခု အစားထိုးစိုက်ထူသွားမယ်လို့ သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုထားခဲ့တဲ့ အမှတ်အသားတွေကို စကော့တလန်နဲ့ အင်္ဂလန်နိုင်ငံတွေက ဂလတ်စ်ဂေါ၊ နယူးကက်ဆယ်နဲ့ အောက်စ်ဖို့မြို့တွေကနေ ဖယ်ရှားခဲ့သလို အီဒင်ဘာရာမြို့က ချီးမြင့်ခဲ့တဲ့ လွတ်လပ်ခွင့်ဆုကိုလည်း ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။