နိုင်ငံရေးဆွေးနွေးမှ ငြိမ်းချမ်းရေး ရမည်လို့ ဒေါ်အောင်ဆန်း စုကြည် ပြောကြား


2014.01.29
dassk-kapali-village-karen-305.jpg ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ကပ္ပလီကျေးရွာမှာ ဇန်နဝါရီ လ ၁၉ ရက်နေ့ကကျင်းပတဲ့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရေး လူထုသဘောထားရယူပွဲမှာ ဒေါ်အောင်ဆန်း စုကြည် ဟောပြောနေစဉ်
photo: RFA/ Kyaw Zaw Win

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က တိုင်းရင်းသားတွေနဲ့ အစိုးရအကြား အပစ်အခတ်ရပ်စဲပြီးနောက် ပြည်တွင်းငြိမ်းချမ်းရေး အတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲတွေစတင်ရန် များစွာအရေးကြီးတယ်လို့ ပြောဆိုလိုက်ပါ တယ်။ နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်တွေ မရရှိဘူးဆိုရင် အပစ်အခတ်ရပ်စဲရေးဟာ တခဏနဲ့ ပျက်ပြားသွားနိုင်တယ်လို့လည်း ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

“နိုင်ငံရေးဆွေးနွေးပွဲတွေ လေးလေးနက်နက် စရမှာပေါ့၊ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆိုတာလည်း လုပ်ပုံလုပ်နည်းရော ပါဝင်ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာ မူတည်တာပေ့ါ၊ ပါဝင်ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေကလည်း မှန်ရမယ်၊ ပါသင့်ပါထိုက်တဲ့ အဖွဲ့အစည်းတွေ ပုဂ္ဂိုလ်တွေလည်းပါရမယ်၊ နောက်ပြီးတော့ တစ်ဖက်နဲ့တစ်ဖက် အပေးအယူလုပ်ဖို့ အဲဒါက အရေးကြီးတာပဲ၊ အပေးအယူလုပ်ခြင်းကို နားလည်ဖို့၊ လက်ခံဖို့”

RFA က သီးသန့်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ညနေပိုင်း ဆက်သွယ်မေးမြန်းရာမှာ အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။ ဘားအံမြို့မှာ ဖေဖေါ်ဝါရီလအတွင်း ကျင်းပဖို့ရှိတဲ့ အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေရဲ့ ဆွေးနွေးပွဲကို တက်ရောက်ဖို့ ဖိတ်ကြားမယ့်အကြောင်း မြန်မာငြိမ်းချမ်းရေးဌာန MPC ထိပ်တန်းအရာရှိတစ်ဦးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်ပုဂ္ဂိုလ်တစ်ဦးကို ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။

တဆက်တည်းမှာပဲ မြန်မာနိုင်ငံမှာ သံဃာတော်တွေကို လူထုကကြည်ညိုအားကိုးမှု ကြီးမားစွာရှိတာကို လွဲမှားစွာအသုံးချပြီး တိုင်းပြည်ကို လမ်းကြောင်းမှားပေါ် တွန်းပို့နိုင်တဲ့ အန္တရာယ်နဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ ဒီလိုအဖြစ်မျိုးကို သံဃာတော်တွေနဲ့ လူထုတရပ်လုံး သတိထားပြီး ရှောင်ရှားကြရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် မြန်မာအမျိုးသမီးတွေ နိုင်ငံခြားသွားပြီး အိမ်ဖေါ်အဖြစ် လုပ်ကိုင်မယ့်ကိစ္စနဲ့ ပတ်သက်လို့ အလုပ်သမားဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ မြန်မာသံရုံးတွေက တာဝန်ယူဆောင်ရွက်ဖို့လိုကြောင်း လည်း ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။