ပြည်သူတွေ တစ်ဦးနဲ့တစ်ဦး ကူညီပြီး ညီညွတ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်ပြော

2022.06.14
ပြည်သူတွေ တစ်ဦးနဲ့တစ်ဦး ကူညီပြီး ညီညွတ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်ပြော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်မှာ ကိုဗစ်ကာကွယ်ဆေး ထိုးနှံတာကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၇ရက်နေ့က လာရောက်ကြည့်ရှုစဉ်
Photo: AFP

ပြည်သူတွေ တစ်ဦးနဲ့တစ်ဦး ကူညီကြပြီး စည်းလုံးညီညွတ်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ဇွန်လ ၁၃ ရက်နေ့ မနေ့က ရုံးချိန်းမှာ ပြောဆိုခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

ပြည်သူအားလုံးကို ဆုတောင်းမေတ္တာ အမြဲပို့သနေပြီး တစ်ဦးနဲ့ တစ်ဦး ကူညီကြဖို့နဲ့ စည်းလုံးညီညွတ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တာပါ။

လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ အသက် ၇၇ နှစ်ပြည့်တော့မယ့် ဒေါ်အောင်ဆန်းစုကြည် ဟာ စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခံခဲ့ရပြီး အာဏာသိမ်းကာလ တစ်နှစ်ကျော်အတွင်း စစ်ကောင်စီက စွဲဆိုထားတဲ့ အမှုပေါင်း ၁၉ မှုနဲ့ ရင်ဆိုင်နေရာတာပါ။

လက်ရှိမှာ အမှု ခြောက်မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရပြီး ကျန်ရှိနေတဲ့ အမှု ၁၃ မှုအတွက် ဆက်လက်တရား ရင်ဆိုင်နေရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာတစ်ခုမှာ ထိန်းသိမ်းထားပြီး တရားရုံးမှာ အမှု ရင်ဆိုင်ရချိန် သူ့ရဲ့အကျိုးဆောင်ရှေ့နေတွေနဲ့ တွေ့ဆုံခွင့်ရတာကလွဲရင် စစ်ကောင်စီက သူ့ကို ဘယ်သူနဲ့မှ တွေ့ဆုံခွင့်ပေးတာမျိုး မလုပ်သေးပါဘူး။

သူ့ရဲ့ အကျိုးဆောင်ရှေ့နေတွေကိုလည်း သတင်းမီဒီယာတွေနဲ့ ဆက်သွယ်ပြောဆိုခွင့်ကို စစ်ကောင်စီက ပိတ်ပင်ထားပါတယ်။

ဇွန်လ ၁၄ ရက် ဒီနေ့ရုံးချိန်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အမှုတွေ ထဲက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ သက်ဆိုင်တဲ့ အဂတိမှု လေးမှုနဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ဆီက ဒေါ်လာတွေ လက်ခံရယူတယ်ဆိုတဲ့ အဂတိမှု နှစ်မှုကို နေပြည်တော် အထူးတရားရုံးက စစ်ဆေးခဲ့ပါတယ်။

ဒီနေ့ ရုံးချိန်းလာရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဒုမြို့တော်ဝန် ဦးရဲမင်းဦးနဲ့ နေပြည်တော် စည်ပင်ကော်မတီဝင် ဦးမင်းသူတို့ အားလုံး ကျန်းမာရေး ကောင်းမွန်နေတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။