EU ရဲ့ အမြင့်ဆုံးလူ့အခွင့်အရေး ဆု ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူ


2013.10.22
dassk-Sakharov-305.jpg ဥရောပပါလီမန်မှာ အောက်တိုဘာ ၂၂ ရက်နေ့က Sakharov လူ့အခွင့်ရေးဆုကို ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူနေစဉ်
photo: Martin Schulz

ဒေါ်အောင်ဆန်းစုကြည်ကို  EU ဥရောပသမဂ္ဂက ၁၉၉၀ ပြည့်နှစ်မှာ ချီးမြင့်ထားတဲ့ Sakharov လူ့အခွင့်ရေးဆုကို ၂၃ နှစ်အကြာ ဒီနေ့ အောက်တိုဘာ ၂၂ ရက်နေ့မှာ ဥရောပပါလီမန်မှာ ကိုယ်တိုင်တက်ရောက်လက်ခံရယူခဲ့ပါတယ်။

ပြင်သစ်နိုင်ငံ Strasbourg မြို့မှာကျင်းပတဲ့ အဲဒီဆုပေးအပ်ပွဲကို ဥရောပပါလီမန်အမတ်တွေနဲ့ လူ့အခွင့်ရေးလှုပ်ရှားသူတွေ တက်ရောက်ကြပါတယ်။ အဲဒီဆုပေးပွဲအခမ်းအနားမှာ ဥရောပပါလီမန် ဥက္ကဋ္ဌ Martin Shulz က ၂၃ နှစ်ကြာတဲ့အချိန် မှာ ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင်ကိုယ်ကျ ခရီးဦးကြိုဆိုနိုင်ခဲ့ကြောင်း၊ အခုအချိန်အခါဟာ ကြီးကျယ်တဲ့ အချိန်ကာလဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီနေ့ဟာ ပျော်ရွှင်ကြည်နူးစရာဖြစ်ရတဲ့နေ့ဖြစ်ပြီး ဒီဆုဟာသူ့ဘဝအတွက် အလွန်အနှစ်သာရရှိသလို၊ မြန်မာနိုင်ငံဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလှုပ်ရှားမှုအတွက်လည်း ခွန်အားဖြစ်စေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ကွယ်လွန်သူ ဆာခါရော့ဗ်ရဲ့ နိုင်ငံရေးစာပေတွေနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့ပြီး လေးစားခဲ့တာတွေနဲ့ မြန်မာနိုင်ငံ စစ်မှန်တဲ့ဒီမိုကရေစီစနစ် ကူးပြောင်းရေးအတွက် ဥရောပသမဂ္ဂနိုင်ငံများအဖွဲ့အနေနဲ့ ငွေကြေးနဲ့သြဇာတွေသုံးပြီး ဆက်လက်ကူညီကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ဆာခါရော့ဗ် ဆုပေးပွဲအခမ်းအနား တက်ရောက်ခဲ့တဲ့ ကိုထွေးကို RFA ဝိုင်းတော်သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။