စာနာမှုနဲ့ ကူညီဖို့ နိုင်ငံတကာ ကို ဒေါ်အောင်ဆန်းစုကြည် ပန်ကြား


2013-09-21
Share
dassk-singapore-305.jpg စင်္ကာပူနိုင်ငံမှာ စက်တင်ဘာလ ၂၁ ရက်နေ့ကကျင်းပတဲ့ စီးပွားရေးညီလာခံမှာ ဒေါ်အောင်ဆန်းစုုကြည် မိန့်ခွန်းပြောကြားနေစဉ်
photo: Youtube

မြန်မာ့လူ့အဖွဲ့အစည်းမှာ ပဋိပက္ခတွေဖြစ်တာကို မွတ်စလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြတာလို့မကြည့်ပဲ၊ အကြောက်တရား လွှမ်းမိုးခံခဲ့ရတာတွေကြောင့် ဖြစ် ရတာလို့ရှုမြင်ပြီး၊ နိုင်ငံတကာ အသိုင်းအဝိုင်းက စာနာနားလည်မှုနဲ့ကူညီဖို့ ဒေါ်အောင်ဆန်းစုကြည် ဒီနေ့ပြောလိုက်ပါတယ်။

စင်္ကာပူနိုင်ငံမှာ ဒီနေ့ကျင်းပတဲ့ စီးပွားရေးညီလာခံ မှာ ပြောလိုက်တာပါ။ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက်ဆိုရင်လည်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ပြည်ပလုပ်ငန်းရှင်တွေ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ဖို့ နိုင်ငံရေးတည်ငြိမ်တဲ့အထိ စောင့်သင့်ပါသလား လို့ မေးမြန်းတဲ့အခါမှာ စီးပွါးရေးကောင်းအောင် လုပ်ဖို့ဆိုရင် အရင်းအနှီးလိုတာပဲလို့ ဒေါ်အောင်ဆန်း စုကြည်ကဆိုပါတယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံထားပြီးသားသူတွေ ပြန်ထွက်သွားဖို့ သူ့အနေနဲ့အကြံပေးမှာမဟုတ်ပဲ လုပ်လက်စအတိုင်းဆက်လုပ်ကြဖို့ကိုပဲ ဆန္ဒရှိတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ လုပ်ငန်းရှင်တွေအနေနဲ့ တာဝန်ယူနိုင် သမျှယူဖို့တော့ လိုအပ်တယ်လို့ ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွါးရေး ပြုပြင်ပြောင်းလဲမှုအရှိန် ရှိနေတယ်ဆိုပေမယ့် လူ့အဖွဲ့အစည်းအတွင်းဖြစ်နေတဲ့ အကြမ်းဖက်ပဋိပက္ခတွေရယ်၊ တရားဥပဒေစိုးမိုးမှု အားနည်းနေတာတွေရယ်ဟာ ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းရှင်တွေ နောက်တွန့်သွားနိုင်တယ်လို့ သတိပေးပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ အပစ်အခတ်ရပ်နိုင်နေပြီဆိုပေမယ့်၊ တကယ့်ငြိမ်းချမ်းရေး ဖေါ်ဆောင်နိုင်တဲ့အခြေအနေ မရောက်သေးဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့