အောင်မြင်မှုဆိုတာ စိတ်ဓာတ်ရေးရာကြောင့် လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

2013-10-30
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

အောင်မြင်မှုဆိုတာ အဓိကအားဖြင့် စိတ်ဓါတ်ရေးရာကြောင့်သာ ပေါ်ပေါက်ရရှိနိုင်တာဖြစ်ကြောင်း  မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မနေ့က အင်္ဂါနေ့မှာ အီတလီနိုင်ငံ အနောက်မြောက်ပိုင်း Turin မြို့က ပေးအပ်ချီးမြှင့်တဲ့  ဂုဏ်ထူးဆောင်မြို့သူဆုကို လက်ခံခဲ့စဉ်အတွင်း ထည့်သွင်းပြောဆိုခဲ့တာပါ။

နေ့လယ်စာစားခဲ့တုန်းက တစ်ယောက်က ကျမရဲ့ မြန်မာပြည်အရေး ရုန်းကန်ရင်ဆိုင်တဲ့နေရာမှာ အောင်မြင်မှုနဲ့ အားထုတ်မှုကြားက အဆက်အစပ်အကြောင်း မေးပါတယ်၊ တကယ်တော့ အောင်မြင်တယ်ဆိုတာ ရုပ်ပိုင်းပြည့်စုံမှုထက် စိတ်ပိုင်းပြည့်စုံမှုကြောင့် ဖြစ်ရတာပါ၊ ကျမတို့ရဲ့ ဒီမိုကရေစီရုန်းကန်မှု ခရီးတလျှောက်မှာ ခါးသည်းမှု၊ ဒေါသ၊ အမုန်းတရားတွေကို ကျော်လွန်နိုင်ခဲ့ကြပါတယ်၊ ကျမ နေအိမ်အကျယ်ချုပ်ကျနေရတုံးကဆိုရင် စစ်အာဏာရှင်တွေကို မမုန်းမိဖို့ ကိုယ့်ကိုယ့်ကိုယ် သတိပေးရပါတယ်၊ သူတို့ကိုမုန်းရင် ကိုယ်ရှုံးသွားမှာဖြစ်ပါတယ်၊ ဒီအသိကြောင့် ကျမနဲ့ ကျမရဲ့လုပ်ဖေါ်ကိုင်ဘက်တွေ အောင်မြင်ခဲ့ကြတာပါ၊ အာဏာရှင်တွေနဲ့ ကျမတို့ကြားမှာ မတူကွဲပြားတာတွေအများကြီးပါ၊ ဒါပေမဲ့ အာဏာရှင်တွေလည်း လူတွေပါပဲ၊ ဒါကြောင့် မတူတာတွေကို နားလည်နိုင်ရပါတယ်၊ သူတပါးရဲ့ အမြင်ကို နားမလည်နိုင်ရင် မအောင်မြင်နိုင်ပါဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် Turin မြို့ နဲ့ မိမိတို့မိသားစုကြားက အဆက်အစပ်ရှိခဲ့တဲ့ သမိုင်းကြောင်းတကွက်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

နေ့လည်စာစားပွဲမှာပဲ ကျမအသိတစ်ခု တိုးခဲ့ရပြန်ပါတယ်၊ မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ သီတင်းသုံးခဲ့တဲ့ အီတလီ ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါးရှိခဲ့ပါတယ်၊ ဘွဲ့အမည်က ဦးလောကနာထပါ၊ ကျမရဲ့ဖခင်ဟာ လူငယ်ဘဝကတည်းက ဆရာတော် ဦးလောကနာထကို အင်မတန် ကြည်ညိုလေးစားခဲ့ပါတယ်၊ အခုတော့ ဆရာတော်က ဒီ Turin မြို့ က ဆိုတာ ကျမသိလာရပါတယ်၊ ဒါကြောင့် အခုလို ကျမ မြို့သူတစ်ယောက် ဖြစ်သွားပြီဆိုတာ ကျမဖခင်နဲ့ ဆရာတော် ဦးလောကနာထတို့ သိရှိကြမယ်ဆိုရင် အင်မတန် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြမှာပါ၊ ဒီအတွက်Turin မြို့ရဲ့ စေတနာ မေတ္တာကို အထူး ကျေးဇူးတင်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဗုဒ္ဓဟူးနေ့မှာ အီတလီနိုင်ငံမြောက်ပိုင်း Bologna မြို့မှာ ဂုဏ်ထူးဆောင် Bologna မြို့သူဆုနဲ့ Aula Magna တက္ကသိုလ်က ပေးအပ်မယ့် ဂုဏ်ထူးဆောင် တွေးခေါ်ရှင်ဆုကိုလည်း လက်ခံမှာဖြစ်ပါတယ်။  ကြာသပတေးနေ့မှာတော့ Parma မြို့ကို သွားရောက်ပြီး ဂုဏ်ထူးဆောင်ဆု လက်ခံရဦးမှာ ဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့