ဒီပဲယင်းအရေးအခင်းကိစ္စ ဒေါ်အောင်ဆန်းစုကြည် မပြော

ခေမဏီဝင်း၊ ဖြူဖြူခိုင်
2020.03.11

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ  စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့မှာ လူထုနဲ့ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံပွဲမှာ လွန်ခဲ့တဲ့ ၁၇ နှစ်လောက်ကဖြစ်ခဲ့တဲ့ ဒီပဲယင်းအရေးအခင်းကိစ္စကို ထည့်သွင်းပြောဆိုခဲ့တာ မရှိပါဘူး။

ဒီနေရာမှာ အုပ်စုလိုက် လုပ်ကြံတိုက်ခိုက် ခံရတဲ့အတွက် အသက်လုပြေးခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီပဲယင်းတိုက်ခိုက်မှုအပြီး ၁၇ နှစ်နီးပါး အကြာမှာ နိုင်ငံ့အကြီးအကဲ တစ်ယောက်အဖြစ် လုံခြုံရေးအပြည့်အဝနဲ့ ပြန်ရောက်ရှိလာတာဖြစ်ပါတယ်။

ဒါပေမဲ့ ဒီလိုပြန်ရောက်လာပြီး ဒေသခံတွေနဲ့ တွေ့ဆုံပွဲလုပ်တဲ့ အချိန်မှာ ဒီပဲယင်းတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ ထည့်သွင်းပြောကြားခဲ့တာ မရှိတဲ့အတွက် မချင့်မရဲ ဖြစ်ကြတာလည်း ရှိပါတယ်။

၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စည်းရုံးရေးခရီးစဉ် ကားတန်းကို အဲဒီခေတ်က အာဏာပိုင်တွေ ကျောထောက်နောက်ခံ ပေးထားတဲ့ လူအုပ်ကြီးက ဝိုင်းဝန်း တိုက်ခိုက်ခဲ့ကြပါတယ်။

ဒီတိုက်ခိုက်မှုကြီးဟာ ဒီပဲယင်းမြို့ ကြည်ရွာအနီးမှာ ဖြစ်ပွားခဲ့တာပါ။ လူအများအပြား သေကြေဒဏ်ရာရပြီး ကမ္ဘာမှာရော မြန်မာမှာပါ အဖြစ်ဆိုးတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပါတယ်။ အဲဒီအချိန်က ဒေါ်အောင်ဆန်းစုကြည်ကို မြင်ဖူးချင်ကြတဲ့အတွက် ခရီးစဉ်နောက်ကို လိုက်ပါလာကြတဲ့ ကျောင်းသူ ကျောင်းသားတွေ၊ ဒေသခံတွေ အများအပြား အသက်ဆုံးရှုံးခဲ့ကြရသလို ဘဝတွေလည်း ပျက်ခဲ့ကြရပါတယ်။

အခု ၁၇ နှစ်ကြာတဲ့အချိန်အထိ ဒီအဖြစ်အပျက်ကို အမှတ်ရနေကြတဲ့ ဒေသခံတွေလည်း ဒီနေ့တွေ့ဆုံပွဲကို တက်ရောက်လာကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အခုလို လာရောက်တာဟာ မြို့ရဲ့ ဂုဏ်သိက္ခာကို ပြန်ဆယ်နိုင်တာဖြစ်ကြောင်း ဒီနေ့တွေ့ဆုံပွဲကို တက်ရောက်လာတဲ့ မခင်ဆွေဦးက ပြောပါတယ်။

“လာမယ်ဆိုတော့ ကြိုဆိုကြမယ်ပေါ့၊ ရိုးရိုး ဆန္ဒပြမဲ့သူတွေလောက်ပဲ လာကြမယ်ထင်ထားတာ၊ ဖြစ်ပြီဆိုတော့ ဒီမြိုကလူတွေက မထွက်ကြရဘူး၊ မသိကြဘူး၊ ဒီလိုတွေဖြစ်လာတော့ ဒီပဲယင်းမြို့သူတွေနဲ့ ဖြစ်တာလို့ ပြောတယ်။ တကယ်တော့ တစ်ဘက်ကသူတွေနဲ့ ဖြစ်သွားကြတာပါ။ ဒီပဲယင်းကသူတွေ မပါဘူး၊ ဖြစ်တဲ့အခါ တအားကို ယူကြုံးမရ ဖြစ်ရပါတယ်။ အခုတော့ လာမယ်ကြားလို့ ဝမ်းသာရပါတယ်။ မြို့ရဲ့ ဂုဏ်သိက္ခာကို ဆယ်နိုင်ပြီလို့ ယူဆပါတယ်”


တွေ့ဆုံပွဲကို တက်ရောက်လာတဲ့ ဦးတိုးလှကလည်း ဒီပဲယင်းအရေးအခင်းမှာ သူ့အနေနဲ့လည်း ဆုံးရှုံးမှုတွေရှိခဲ့ကြောင်း ပြောပါတယ်။

“အဲဒီအချိန်တုန်းက အမေစု လာမယ်ဆိုတော့ စက်တွေက ကျွန်တော့စက်တွေနဲ့ စကားပြောမယ်ပေါ့၊ တကယ်တော့ မပြောလိုက်ရပါဘူး၊ စကားမပြောရတဲ့အပြင် စက်တွေလည်း အကုန်သိမ်းခံလိုက်ရတာပေါ့၊ ခံစားခဲ့ရတာပေါ့”

ဒီပဲယင်း တိုက်ခိုက်မှုအကြောင်း လူသိရှင်ကြား တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားမှု မရှိပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ် အသိုင်းဝိုင်းမှာတော့ သတိတရ ပြန်ပြောနိုင်တယ်လို့ ယူဆချက်တွေလည်း ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်ပြီး ဒီပဲယင်း အရေးအခင်းကို ပြန်လည်မပြောဆိုတာကို လက်ခံနိုင်ပေမယ့် အတိတ်ကာလက လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေကို ပြန်လည်ကုစားတဲ့ လုပ်ငန်းတွေ ဆောင်ရွက်ဖို့လိုကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအဖွဲ့  AAPP ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်က ပြောပါတယ်။

အများပြည်သူကိုပြောတဲ့ မိန့်ခွန်းမှာတော့ သူ့အနေနဲ့ ဒီပဲယင်းကို ပြန်လာရတာ အကျိုးရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ဒီပဲယင်းကို လာရတာ အများကြီး အကျိုးရှိတယ်ဆိုတာ ပြည်သူတွေရဲ့ စိုးရိမ်ချက်တွေ၊ မျှော်လင့်ချက်တွေ၊ ပြဿနာတွေကိုလည်း သိရတယ်။ တစ်ချိန်တည်းမှာပဲ ပြည်သူတွေရဲ့ အားနည်းချက်တွေကိုလည်း မြင်ရပါတယ်”


ဒီရက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လူထုတွေ့ဆုံပွဲတွေကို ခပ်စိပ်စိပ် လုပ်ဆောင်လာနေပါတယ်။ ဒါဟာ ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲအတွက် ခြေလှမ်းလှမ်းနေတာလို့ ဝေဖန်သူတွေ ရှိသလို ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှာကို ကမ္ဘာ့ခေါင်းဆောင်တွေအကြား စိုးရိမ်နေကြချိန်မှာ အခုလို တွေ့ဆုံပွဲတွေ ဆက်တိုက်လုပ်နေတဲ့အတွက် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။