အခြေခံဥပဒေပြင် ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


2013.05.10
dassk-mecasa-305.jpg ရန်ကုန်မြို့၊ မီကာဆာဟိုတယ်မှာ ၃ ရက်ကြာကျင်းပခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆွေးနွေးပွဲမှာ တက်ရောက်ဆွေးနွေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
photo: RFA/ Kyaw Zawe Win

၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ၂၀၁၅ ခုနှစ်မတိုင်ခင် အမြန်ဆုံးပြုပြင်စေလိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့တိုက်တွန်းပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ မီကာဆာဟိုတယ်မှာကျင်းပခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ၃ ရက်ကြာ ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲ မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။

"ကျမတို့အနေနဲ့ကတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၁၅ မတိုင်မီကို ပြုပြင်စေချင်တယ်၊ ဘာဖြစ်လို့လဲဆိုရင်တော့ အမြန်ဆုံးပြုပြင်လို့ရှိရင် အကောင်းဆုံးပဲ၊ ဒီလိုအမြန်ဆုံးပြုပြင်လိုက်မှ ၂၀၁၅ ရွေးကောက်ပွဲရောက်တဲ့အခါကျရင် ပြည်သူအများကလည်း ကျေကျေနပ်နပ်ရှိမယ်၊ ယုံယုံကြည်ကြည်ရှိမယ်"

ဒါ့ပြင်ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လိုတဲ့ဆန္ဒရှိတယ်ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်းအားဖြင့် တရားဥပဒေစိုးမိုးမှု ပိုမိုရရှိလာမှာဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေးနဲ့လည်း နီးစပ်လာမှာဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မယ်လို့ စဉ်းစားတဲ့အခါ လွှတ်တော်တွင်းက တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကိုပါ ထည့်သွင်းစဉ်းစားရမှာ ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။