နိုင်ငံသားတစ်ဦးချင်းစီ တာဝန်ယူ ကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


2014.02.15
dassk-ayeyarwaddy-305.jpg မန္တလေးမြို့ Mandalay Hill Resort ဟိုတယ်မှာကျင်းပတဲ့ ဧရာဝတီ စာပေပွဲတော်ကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ က ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဟောပြောစဉ်
Photo : RFA/ Sat Paing Toe

မြန်မာနိုင်ငံကို ငြိမ်းချမ်းသာယာဝပြောတဲ့ နိုင်ငံအဖြစ် မြင်လိုကြတယ်ဆိုရင် သူတစ်ပါးက လာရောက်ကြိုးပမ်းပေးမှာကို မျှော်လင့်မနေကြပဲ  နိုင်ငံသားတစ်ဦးချင်းစီက ဝိုင်းဝန်းကြိုးပမ်းကြဖို့ လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောပါတယ်။

မန္တလေးမြို့ Mandalay Hill Resort ဟိုတယ်မှာ ဒီနေ့ ၂ ရက်မြောက်နေ့အဖြစ်ကျင်းပတဲ့ ဧရာဝတီ စာပေ ပွဲတော်မှာ “စကားစမြည်” လို့ အမည်ပေးထား တဲ့ ဆွေးနွေးခန်းမှာ  ဒေါ်အောင်ဆန်းစုကြည်က ပြော ခဲ့တာပါ။ စာပေပွဲတော် ဦးဆောင်ဆွေးနွေးသူ Mrs. Dame Joan Bakewell က မြန်မာနိုင်ငံရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ချင်ပါသလဲလို့မေးရာ မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားခဲ့ ပါတယ်။

မြန်မာနိုင်ငံသားတွေကို နားလည်စေချင်တာက တိုင်းပြည်ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ နိုင်ငံဖြစ်ဖို့ဆိုရင် တစ်ပါးသူတစ်ဦးဦးက လာရောက်ကြိုးစားပေးမယ်လို့ မျှော်လင့်မနေဘဲ အပြောင်းအလဲအတွက် နိုင်ငံသား တစ်ဦးချင်းစီရဲ့  ကြိုးပမ်းအားထုတ်မှုကို တိုင်းပြည်အတွက် ပေးအပ်ဖို့လိုအပ်ကြောင်း၊ လူတိုင်းမှာ တိုင်းပြည်အတွက် တာဝန်ကိုယ်စီရှိကြောင်း၊ အများအတွက် စဉ်းစားတတ်တဲ့ တာဝန်သိစိတ်ရှိဖို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။

ဒီကနေ့ ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခန်းဟာ  ၁ နာရီနီးပါး ကြာမြင့်ခဲ့ပြီး သမိုင်းပညာရှင် ဒေါက်တာ ဦးသန့်မြင့်ဦးကလည်း တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ဆုံရာ ဆိုတဲ့ မြန်မာနိုင်ငံရဲ့ ထူးခြားတဲ့ ပထဝီနိုင်ငံရေး စာအုပ်အကြောင်း ဟောပြောခဲ့ပါတယ်။

ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ကနေ မနက်ဖြန် ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပနေတဲ့ ဧရာဝတီ စာပေစကားဝိုင်းကို ပြည်တွင်း ပြည်ပ စာရေးဆရာတွေ နယ်ပယ်အသီးသီးက ပညာရှင်တွေ စုစုပေါင်း ၅၄ ဦး တက်ရောက် ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။