ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် ထောင်လေးနှစ်စီ အမိန့်ချမှတ်ခံရ

2021.12.06
Share on WhatsApp
Share on WhatsApp
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် ထောင်လေးနှစ်စီ အမိန့်ချမှတ်ခံရ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် တို့ကို ၂၀၁၆၊ မတ်လအတွင်းက တွေ့ရစဉ်
Photo: STR/ AFP

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် တို့ကို စစ်ကောင်စီက တရားစွဲထားတဲ့ အမှုတွေထဲက အမှုနှစ်ခုအတွက် တစ်မှုကို ထောင်ဒဏ် နှစ်နှစ်စီနဲ့ စုစုပေါင်း ထောင်ဒဏ် လေးနှစ်ကို ပထမဆုံးအနေနဲ့ နေပြည်တော် အထူးတရားရုံးက ဒီနေ့အမိန့်ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ သမ္မတ ဦးဝင်းမြင့်၊ နေပြည်တော်မြို့တော်ဝန် ဒေါက်တာ မျိုးအောင် တို့ သုံးဦးကို ပူးတွဲစွဲဆိုထားတဲ့ အများပြည်သူအကျိုးကို ပျက်စီးစေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (ခ) အမှုအတွက် ထောင်ဒဏ် နှစ်နှစ် ချမှတ်ခဲ့တာပါ။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် တို့ကို တစ်ဦးချင်းစီ သီးခြားစွဲဆိုထားတဲ့ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ - ၂၅ အမှုအတွက် ထောင်ဒဏ်နှစ်နှစ်စီ ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့အမိန့်ချမှတ်မှုမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်က နှစ်မှုပေါင်း ထောင်ဒဏ် လေးနှစ်နဲ့ ဒေါက်တာ မျိုးအောင်က တစ်မှုတည်းအတွက် ထောင် နှစ်နှစ်စီ အမိန့်ချခံရတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေ ငါးဦးစလုံးကို ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက မီဒီယာတွေကို မပြောဖို့ စစ်ကောင်စီက ပိတ်ပင်ထားတာကြောင့် ဘယ်လိုအကြောင်းအချက်တွေကြောင့် အခုလို ပြစ်ဒဏ်တွေချမှတ်ခဲ့တယ်ဆိုတဲ့ တရားရုံးရဲ့ စီရင်ချက်အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

အများပြည်သူအကျိုးကို ပျက်စီးစေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (ခ) နဲ့ စွဲဆိုထားတဲ့အမှုကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (CEC) က ဖေဖော်ဝါရီလ ၇ ရက်နဲ့ ၁၃ ရက်နေ့တွေက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် နှစ်စောင်ဟာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်တယ် ဆိုပြီး အာဏာသိမ်းစစ်ကောင်စီက စွပ်စွဲထားတဲ့အမှုဖြစ်ပါတယ်။

အဲဒီကြေညာချက်တွေထဲမှာ နိုင်ငံတော်ရဲ့ ဥပဒေပြုအာဏာဟာ ပြည်သူက ရွေးကောက်တင်မြှောက်ထားသူ တွေ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH မှာသာ တည်ရှိပြီး စစ်ကောင်စီမှာ မရှိကြောင်း ဖော်ပြထားပါတယ်။

အဲဒီအပြင် သမ္မတ ဦးဝင်းမြင့် အစိုးရကသာ တရားဝင်အစိုးရဖြစ်ပြီး၊ စစ်ကောင်စီက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အပါအဝင် ဥပဒေအမျိုးမျိုး ချိုးဖောက်ပြီး နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်ခဲ့ခြင်းသာဖြစ်တယ် လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါက်တာ မျိုးအောင် တို့ သုံးဦးဟာ စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်ပိုင်းမှာပဲ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပြီး အခုထုတ်ပြန်ချက်တွေက သူတို့ကို ဖမ်းဆီးခံရပြီး ပြင်ပနဲ့အဆက်အသွယ် ဖြတ်ထားချိန်မှာ ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်တွေဖြစ်တာကြောင့် အပြစ်မရှိကြောင်း တရားရုံးမှာ ထွက်ဆိုထားကြတာပါ။

ဒီအမှုနဲ့ပတ်သက်လို့ ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက် ၅ နာရီအချိန် သမ္မတ ဦးဝင်းမြင့် ကို နေအိမ်မှာ လာရောက် ဖမ်းဆီးစဉ်က ကျန်းမာရေးအကြောင်းပြပြီး နုတ်ထွက်ပေးဖို့ ဖိအားပေးခိုင်းစေခဲ့ပြီး မနုတ်ထွက်ရင် ပုဂ္ဂိုလ်ရေးအရ ထိခိုက်တာတွေရှိလာနိုင်တယ်လို့ စစ်တပ်အရာရှိကြီးတွေက ပြောဆိုခဲ့တယ်လို့ ဦးဝင်းမြင့်က အောက်တိုဘာလ ၁၂ ရက်နေ့ ရုံးချိန်းမှာ ထွက်ဆိုခဲ့ပါတယ်။

သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒပုဒ်မ - ၂၅ နဲ့ စွဲဆိုထားတဲ့အမှုကတော့ ၂၀၂၀ ရွေးကောက်ပွဲ အကြိုကာလက ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့က NLD ပါတီရဲ့ မဲဆွယ်ကားတန်း လှည့်လည်တာကို သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်က နေအိမ်ရှေ့မှာ ထွက်ပြီး လက်ပြနှုတ်ဆက်တဲ့ လုပ်ရပ်အတွက် ကိုဗစ်ကပ်ရောဂါကာလ သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့ မညီဘူးဆိုပြီး စွဲထားတဲ့ အမှုဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကတော့ အခုလိုနှုတ်ဆက်တာဟာ ကိုဗစ်စည်းကမ်းတွေနဲ့အညီ လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ဥပဒေကို ချိုးဖောက်ခဲ့ခြင်းမရှိဘူးလို့ နိုဝင်ဘာလ ၁ ရက်နေ့က တရားရုံးချိန်းမှာ ထုချေခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရနိုင်တဲ့ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ - ၃ (၁) (ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက် ရေးဥပဒေပုဒ်မ - (၅၅) အပါအဝင် အမှုစုစုပေါင်း ၁၁ မှုနဲ့ တရားစွဲခံနေရတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

COMMENTS

ဆိုက်တခုလုံးသို့