မြန်မာ့နိုင်ငံရေး အကောင်းမြင်လွန်းတာ မဖြစ်သင့်ဟု ဒေါ်စုက အိန္ဒိယအစိုးရကို ပြော

မြန်မာနိုင်ငံက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်ပြီး အိန္ဒိယအစိုးရအနေနဲ့ အကောင်းမြင်လွန်းတာမျိုး မဖြစ်စေသင့်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သတိပေး ပြောကြားလိုက်ပါတယ်။

2012.11.13
dassk-india-305 ဒေါ်အောင်ဆန်းစုကြည် မြန်မာအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အိန္ဒိယကို ထွက်ခွာပုံ
Photo: RFA/Kyaw Zawe Win

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကို ဒီကနေ့ ဆိုက်ရောက်သွားတဲ့ ဒေါ်အောင်ဆန်းစုကြည်က ခရီးမစခင်က အိန္ဒိယ နိုင်ငံထုတ် The Hindu သတင်းစာနဲ့ အင်တာဗျူး ပြောကြားရာမှာ မြန်မာနိုင်ငံက အခြေအနေကို ဘက်ပေါင်းစုံက အသေအချာ လေ့လာအကဲခတ်ဖို့ လိုအပ်ကြောင်း၊ အကောင်းမြင်တာ လွန်ကဲသွားရင် အမှားလုပ်နေတာတွေကို သတိမမူမိဘဲ ဖြစ်တတ်ကြောင်း အိန္ဒိယအစိုးရကို သတိပေးလိုက်တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေး ခေါင်းဆောင် ပထမဆုံး ဝန်ကြီးချုပ် Jawaharlal Nehru အထိမ်းအမှတ် အခမ်းအနားမှာ ဂုဏ်ထူးဆောင် ဧည့်သည်တော်အဖြစ် မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။အဲဒီနောက်ဒေါ်အောင်ဆန်းစုကြည်ဟာ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းအပြင် တခြားနိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်သလို သူငယ်စဉ်က နိုင်ငံရေး သိပ္ပံဘာသာရပ်နဲ့ ဘွဲ့ယူခဲ့တဲ့  The Lady Shri Ram College ကိုလည်း သွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ကုန်သွယ်ဖက် နိုင်ငံဖြစ်ပြီး လာမယ့် ၂၀၁၅ ခုနှစ်မှာ နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏဟာ အမေရိကန်ဒေါ်လာ သန်း ၃ ထောင်အထိရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ရေနက်ဆိပ်ကမ်း တည်ဆောက်နေတာအပြင် ၂၀၁၆ ခုနှစ်မှာ အပြီးဆောက်လုပ်ဖို့ ပြင်ဆင်နေတဲ့ မြန်မာနိုင်ငံကို ဖြတ်ပြီး ထိုင်းနိုင်ငံအထိ  လမ်းမကြီး ဖေါက်လုပ်ရေးမှာလဲ အိန္ဒိယအစိုးရက အဓိက တာဝန်ယူမယ်လို့ ဆိုပါတယ်။

အဲဒီလို ဖွံ့ဖြိုးတိုးတက်ရေး ရင်းနှီးမြှပ်နှံမှုတွေဟာ လူ့အခွင့်အရေးနဲ ဒီမိုကရေစီအရေးကို ထည့်သွင်းစဉ်းစားတဲ့ တာဝန်ခံမှုရှိတဲ့ ရင်းနှီးမြှပ်နံှမှုတွေဖြစ်ဖိ့ုလိုအပ်တယ်လို့ ပြီးခဲ့တဲ့ ဇွန်လအတွင်းက ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် အိုင်အယ်လ်အို ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။