အီးယူ-မြန်မာ ဆွေးနွေး ပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်


2013.11.13

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးစီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေမှာ အီးယူ ခေါ် ဥရောပသမဂ္ဂက ကူညီ်သွားနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့  EU-Myanmar Task Force ဆွေးနွေးပွဲတွေကို နေပြည်တော်နဲ့ ရန်ကုန်မြို့တွေမှာ မနက်ဖြန် နိုဝင်ဘာလ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ ကျင်းပသွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

မနက်ဖြန် ရန်ကုန်မြို့ UMFCCI မြန်မာနိုင်ငံ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံးချုပ်မှာ ကျင်းပမယ့်ဆွေးနွေးပွဲကိုတော့ အီးယူဥရောပသမဂ္ဂအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ Mrs. Catherine Ashton၊ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ပြီး လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အလားတူ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ နေပြည်တော်မှာ ဆွေးနွေးပွဲတွေ ဆက်လက်ကျင်းပမှာဖြစ်ပြီး အဲဒီမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အစိုးရအဖွဲ့ဝန်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေအပြင် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ဆွေးနွေးမှာ ဖြစ်ပါတယ်။

အီးယူဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေအပြင် မြန်မာနိုင်ငံက အရပ်ဖက်လူမှုအဖွဲ့အစည်းတွေလည်း တက်ရောက်ပြီး လက်ရှိအပြောင်းအလဲ၊ လိုအပ်ချက်တွေနဲ့ အီးယူအနေနဲ့ ကူညီနိုင်မယ့်နည်းလမ်းတွေကို ဆွေးနွေးကြမယ်လို့ သိရပါတယ်။

အီးယူအဖွဲ့ဟာ မြန်မာနိုင်ငံအပေါ် နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့အရေးယူမှု ချမှတ်ထားရာကနေ အခုဆိုရင် စစ်လက်နက်ပစ္စည်း တင်ပို့ရောင်းချတာကလွဲလို့  ပိတ်ဆို့အရေးယူမှုအားလုံးကို ရုတ်သိမ်းလိုက်ပြီဖြစ်ပါတယ်။ ဒါ့အပြင် GSP ခေါ် ကုန်သွယ်မှုအထူးခံစားခွင့် နိုင်ငံအဖြစ် မြန်မာနိုင်ငံကို ပြန်လည်ပေးအပ်ထားတာလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။