လူငယ်ဘက်စုံဖံ့ွဖြိုးရေးပွဲတော်နဲ့ လူငယ်စကားဝိုင်း စီစဉ်သူတွေကို အဖွဲ့ ၁၂ ဖွဲ့ ကန့်ကွက်


2018.08.11
dassk-youth-festival-622.jpg မန္တလေးတက္ကသိုလ်မှာ ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့က စတင်ကျင်းပတဲ့ လူငယ်ဘက်စုံဖံ့ွဖြိုးရေးပွဲတော်ကို တက်ရောက်လာတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ရစဉ်
Photo: Khaymani Win‎/RFA

မန္တလေးမြို့မှာ ဒီနေ့ ကျင်းပတဲ့ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်မှာ အလွှာအသီးသီးက လူငယ်တွေကို ထည့်သွင်း မစဉ်းစားဘဲ လျစ်လျူရှုထားတာကြောင့် ပွဲတော်စီစဉ်သူတွေကို ကန့်ကွက်ရှုတ်ချကြောင်း မန္တလေးမြို့အခြေစိုက် လူငယ်အဖွဲ့ ၁၂ ဖွဲ့က ဒီနေ့ သဘောထားထုတ်ပြန်လိုက်ပါတယ်။

လူငယ်ပွဲတော်ဆိုပေမယ့် တက္ကသိုလ်ကျောင်းသားတွေကိုသာ အဓိကခေါ်ပြီး လူငယ်အဖွဲ့အစည်းတွေကို ဖိတ်ခေါ် တာ မရှိဘူးလို့ မန္တလေးတိုင်းဒေသကြီး လူငယ်အစည်းအရုံး အတွင်းရေးမှူး ကိုလင်းသီဟက ပြောပါတယ်။

"လူငယ်စကားဝိုင်းလို့ပြောပေမယ့် တက္ကသိုလ်ကျောင်းသားတွေကိုပဲ အဓိကခေါ်တယ်၊ ပြင်ပမှာ အရပ်ဖက်အဖွဲ့ အစည်းတွေမှာ လုပ်နေတဲ့ လူငယ်တွေကို ဖိတ်ခေါ်ခြင်းလည်း မရှိဘူးပေါ့နော်၊ ဒီပွဲတော်စီစဉ်တဲ့အပိုင်းမှာ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်လို့ ပြောလိုက်ရင် လူငယ်ဆိုတာက တက္ကသိုလ်ကျောင်းသားတင် ရှိတာမဟုတ် ဘူးပေါ့နော်၊ ပြင်ပမှာ လူငယ်တွေလည်းရှိတယ်၊ ကျောင်းသားသမဂ္ဂတွေရှိတယ်၊ လူငယ်အဖွဲ့အစည်းတွေ ရှိတယ်ပေါ့နော်၊ ဒီအဖွဲ့အစည်းတွေ ဒီပွဲမှာ ပူးပေါင်းပါဝင်ခွင့် မရခဲ့ဘူးပေါ့နော်"

ဒီပွဲတော်မှာ ပြခန်းတွေ ထည့်သွင်းထားပေမယ့်လည်း ဝန်ကြီးဌာနတွေရဲ့ ပြခန်းတွေနဲ့ စာအုပ်အရောင်းပြခန်းတွေ သာ တွေ့ရပြီး လူငယ်အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်တဲ့ ပြခန်းတွေ၊ လှုပ်ရှားမှုပုံရိပ်တွေကို မတွေ့ရတာကြောင့် တာဝန်ရှိသူတွေရဲ့ စီစဉ်ဆောင်ရွက်မှုတွေကို မေးခွန်းထုတ်စရာ ရှိနေတယ်လို့ အဖွဲ့ ၁၂ ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဒီနေ့ စကားဝိုင်းကိုလည်း လူငယ်အဖွဲ့အစည်းတွေကို တက်ရောက်ဖို့ ဖိတ်ကြား မခံခဲ့ရဘူးလို့လည်း ကိုလင်းသီဟက ပြောပါတယ်။

ပွဲတော်စီစဉ်သူတွေကို ကန့်ကွက်ရှုတ်ချတဲ့ လူငယ်အဖွဲ့ ၁၂ ဖွဲ့ထဲမှာ မန္တလေးတိုင်းဒေသကြီး လူငယ်အစည်းအရုံး၊ Youth Champion , Youth Network Pyin Oo Lwin စတဲ့ အဖွဲ့တွေပါဝင်ပါတယ်။

မန္တလေးတက္ကသိုလ်မှာ ဒီနေ့မနက်က စတင်ကျင်းပတဲ့ လူငယ်ဘက်စုံဖံ့ွဖြိုးရေးပွဲတော်မှာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖွင့်ပွဲမိန့်ခွန်း ပြောကြားခဲ့ပြီးနောက် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တက္ကသိုလ် ကျောင်းသား လူငယ်တွေရဲ့ စာပေစကားဝိုင်းကို ကျင်းပခဲ့တာဖြစ်ပါတယ်။

လူငယ်တွေအနေနဲ့ ကိုယ်ပိုင်ပစ္စည်းထက် နိုင်ငံပိုင်ပစ္စည်း၊ အများပြည်သူပိုင်ပစ္စည်းတွေကို ပိုပြီးတန်ဖိုးထားတတ်တဲ့ အလေ့အကျင့်ရှိစေချင်တယ်လို့ ဖွင့်ပွဲမိန့်ခွန်းပြောကြားရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။