နိုင်ငံရေးအကျဉ်းသား မိသားစုတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ တာဝန်ယူဖို့ မဲပေါက်တဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေကို ဒီကနေ့ နေ့လည်ပိုင်းက NLD ရုံးမှာ လက်ခံ တွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါတယ်။

2011.01.17
assk_prisoners_families_305_z.png ရန်ကုန်မြို့၊ ရွှွေတောင်ကုန်း ကျောင်းတိုက်တွင် နိုဝင်ဘာ ၂၉ ရက်က နိုင်ငံရေး အကျဉ်းသားများ၏ မိသားစု ဆွေမျိုးသားချင်းများကို ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (အလယ်) တွေ့ဆုံနှုတ်ဆက်ပြီး အားပေးစကား ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့က နိုင်ငံရေး အကျဉ်းသားတွေကို တဦးချင်း တာဝန်ယူဖို့ မဲနှိုက်ခဲ့ကြရာမှာ ဒေါ်အောင်ဆန်းစုကြည် မဲကျခဲ့တဲ့ လှိုင်သာယာက ဦးစိုးမင်းမင်းနဲ့ အမှုတွဲ ၅ ဦး ဖြစ်တဲ့ ကိုသန့်ဇင်မျိုး၊ ဒေါ်လှလှမော်၊ ဦးတင်ယု၊ ကိုကျော်စိုးဝင်း၊ ကိုဝင်းမြင့်တို့ရဲ့ မိသားစုဝင် ၂၅ ယောက်ခန့်ကို ဒီကနေ့ နေ့လည်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က လက်ခံ တွေ့ဆုံခဲ့ကြောင်း NLD ပြန်ကြားရေး တာဝန်ခံ ဦးအုံးကြိုင်က ပြောပြပါတယ်။

“အကျဉ်းသားတဦးစီရဲ့ ထောင်တွင်း ကျန်းမာရေး အခြေအနေ၊ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မေးပါတယ်။ မိသားစုတွေရဲ့ လုပ်ကိုင်စားသောက်နေရတဲ့ အခြေအနေ အခက်အခဲတွေကိုလည်း မေးပါတယ်။ ထောင်ဝင်စာ သွားမယ့်ရက်တွေကိုလည်း မေးပြီးတော့ ဘယ်လို ဆောင်ရွက်ကြမလဲ ဆိုတာတွေ မိသားစုနဲ့ တရင်းတနှီး ညှိနှိုင်းပါတယ်။ နောက် ကလေးတွေရဲ့ ပညာရေး အခြေအနေတွေကိုလည်း မေးပါတယ်”

ဒီတွေ့ဆုံပွဲမှာ လူမှု အထောက်အကူပြု ကော်မတီ တာဝန်ရှိသူ ဦးစောနိုင်းနိုင်း၊ ဦးဝင်းထိန် တို့လည်း တက်ရောက်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းသား မိသားစုဝင် ကလေးသူငယ်တွေကို စာကြိုးစားကြဖို့ အားပေးခဲ့သလို မိသားစုဝင်တွေကိုလည်း အမှန်တရားအတွက် အနစ်နာ ခံကြရတာ ဖြစ်တဲ့အတွက် စိတ်ဓာတ်မကျဘဲ ဂုဏ်ယူကြဖို့ တိုက်တွန်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။