ထားဝယ်မှာ မီးပျက်လို့ ဆန္ဒပြ


2017.07.13
dawei-protect-620.jpg လျှပ်စစ်မီး ပုံမှန်ရရှိရေးအတွက် ထားဝယ်ဒေသခံ ၂၀၀လောက် ဇူလိုင်လ ၁၂ ရက်နေ့ညက ထားဝယ်မြို့မှာ ဆန္ဒပြနေစဉ်
Photo: Minlwin Oo Facebook

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဖြန့်ဖြူးပေးနေတဲ့ကုမ္ပဏီတွေဟာ တာဝန်ယူမှု တာဝန်ခံ မှုမရှိဘဲ မီးအကြိမ်ကြိမ်ပျက်တာကြောင့် တိုင်းအစိုးရအနေနဲ့ ကိုင်တွယ်ဖြေရှင်းပေးဖု့ိအတွက် ထားဝယ်မြို့ခံ ၂ဝဝကျော်ဟာ မနေ့ကညပိုင်းက ဖယောင်းတိုင်ထွန်းပြီး ဆန္ဒပြကြပါတယ်။

လျှပ်စစ်မီးဖြန့်ဖြူးတဲ့လုပ်ငန်းကို တာဝန်ယူမှုမရှိတဲ့ကုမ္ပဏီတွေကို လုပ်ကိုင်ခွင့်မပေးဖို့နဲ့ တိုင်းအစိုးရက ကြပ် မတ်ဆောင်ရွက်ပေးဖို့ ဆန္ဒထုတ်ဖော်တာလို့ ဆန္ဒပြရမှာပါဝင်တဲ့ ထားဝယ်ဒေသခံ ဦးသန်းဝင်း က ပြောပါတယ်။

"လျှပ်စစ်ဝန်ဆောင်မှု အရမ်းပျက်ယွင်းနေလို့ပေါ့၊ မီးခဏခဏ ပျက်တယ်၊ တချို့ဟာတွေကျတော့ လျှပ်စစ် ပစ္စည်းတွေ ပျက်စီးဆုံးရှုံးတယ်၊ လျှပ်စစ်ပျက်ပြုမှုကို အစိုးရက ဖြစ်နိုင်ရင် အစိုးရလျှပ်စစ်ဝန်ကြီးဌာနက တာ ဝန်ယူပေးဖို့ လျှပ်စစ်မီတာ လျှပ်စစ်ဖြန့်ဖြူးခဲ့တဲ့ တလျှောက်လုံးမှာ တာဝန်ယူမှု တာဝန်ခံမှု ပျက်ကွက်ခဲ့တဲ့ ကုမ္ပဏီလိုမျိုးကို ဆက်လက်ဖြန့်ဖြူးခွင့်မပေးဖို့ တကယ်လို့ ဆက်လက်ဖြန့်ဖြူးခွင့်ပေးမယ်ဆိုရင် ဒီ ထက်ကောင်းတဲ့ တာဝန်ယူမှု တာဝန်ခံမှုကို အစိုးရက စောင့်ကြည့်ကြပ်မတ်ပေးဖို့ပေါ့ဗျာ"

ဆန္ဒပြသူတွေဟာ ရွှေတောင်စားဘုရားရှေ့ကနေ မြိုထဲလမ်းတွေပေါ်ဖယောင်းတိုင်ထွန်းကာ လျှပ်စစ်မီးဖြန့်ဖြူးနေ တဲ့  DDPC ကုမ္ပဏီအလိုမရှိ၊ လျှပ်စစ်ထုတ်လုပ်နေတဲ့ GGS ကုမ္ပဏီကိုတိုင်းလျှပ်စစ်ဝန်ကြီးဌာနက ကြပ်မတ်ဆောင် ရွက်ပေးဖို့နဲ့ လျှပ်စစ်ဖြန့်ဖြူးရေးကို တိုင်းအစိုးရကဆောင်ရွက်ပေးဖို့ စတာတွေကို ကြွေးကျော်ကာ လမ်းလျောက် ဆန္ဒပြခဲ့ပါတယ်။

ဆန္ဒပြသူတွေက တိုင်းအစိုးရအနေနဲ့ လျှပ်စစ်ဖြန့်ဖြူးခွင့်ရတဲ့ကုမ္ပဏီကို စာချုပ်ပါအချက်အလက်တိုင်း သေချာကိုင် တွယ်ဖို့ တောင်းဆိုကြပါတယ်။

ပြီးခဲ့တဲ့ ဇူလှိုင်လ ၁ဝ ရက်နေ့နဲ့ ၁၁ ရက်နေ့ကလည်း တနင်္သာရီတိုင်းဒေသကြီးအစိုးရရုံးရှေ့မှာ တက္ကသိုလ်ကျောင်း သားသမဂ္ဂတွေနဲ့ လူငယ်တွေက ဖယောင်းတိုင်ထွန်းပြီး ဆန္ဒထုတ်ပြခဲ့ပါတယ်။

ဇူလိုင်လ ၁ ရက်နေ့ကစပြီး Global Grand ကုမ္ပဏီက ၁၂ မဂ္ဂါဝပ်အထိ ထုတ်လုပ်ကာ ထားဝယ် အများပိုင်ကုမ္ပဏီ (DDPC)က ထားဝယ်ခရိုင်ရှိ ရေဖြူ၊သရက်ချောင်း၊ ထားဝယ်နဲ့လောင်းလုံမြို့တွေကို လျှပ်စစ်မီးပေးနေတာဖြစ်ပြီး မီးခဏခဏပျက်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အစိုးရလက်ထက်က ထိုင်းနိုင်ငံအခြေစိုက် APU ကုမ္ပဏီကနေ ဂက်စ်အင်ဂျင် ၆လုံးကို ငှားရမ်းပြီး ဓာတ်အား ထုတ်လုပ်ကာ   ထားဝယ်ခရိုင်က မြို့လေးမြို့ကို တစ်ယူနစ်ကို ကျပ် ၃ဝဝနဲ့ ဖြန့်ဖြူးပေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။