မသီတာထွေးကိုသတ်သူများ သေဒဏ်ချမှတ်

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု သပြေချောင်းရွာသူ မသီတာထွေးကို လုယက် မုဒိန်းပြုကျင့်သတ်ဖြတ်ခဲ့သူ တရားခံ နှစ်ဦးကို ကျောက်ဖြူခရိုင် တရားရုံးက ဒီကနေ့ သေဒဏ်မိန့် ချမှတ်လိုက်ပါတယ်။

အမှုစီရင်တာကို တရားရုံးမှာ ကိုယ်တိုင်တက်ရောက် နားထောင်ခဲ့တဲ့ ကျောက်ဖြူမြို့ဒေသခံတဦးက အခုလိုပြောပြပါတယ်။

"ဒီနေ့မနက် ၁၁ နာရီမှာ ကျောက်ဖြုခရိုင်တရားသူကြီး အမျိုးသမီးက စီရင်ချက်ကိုဖတ်ပါတယ်။ စစ်ဆေးချက်တွေအားလုံးကို ဖတ်ပြတယ်။ အားလုံးနှစ်နာရီလောက်ကြာပါတယ်။ ပြီးတော့ စီရင်ချက်ချပါတယ်။ သုံးယောက်မှ တယောက်က သူ့ဟာသူ သတ်သေသွားတဲ့အတွက် တစုံတရာအမိန့်ချစရာ မလိုတော့ဘူးလို့ပြောပါတယ်။ နောက်နှစ်ယောက်ကိုတော့ ကျောက်ဖြူခရိုင်တရားရုံးက သေဒဏ်ချမှတ်လိုက်ပါတယ်။ အဲတာကို ပြည်ထောင်စုလွှတ်တော် တရားရေးချုပ်၊ သူကအတည်ပြုမယ်လို့ ပြောပါတယ်။ အဲဒီကအတည်မပြုခင် ၇ ရက်အတွင်းမှာ အယူခံတင်လို့ရတယ်ဆိုတာကိုလည်း တရားခံတွေကို တရားသူကြီးကပဲ ဆက်တိုက်ပြောလိုက်ပါတယ်"

တရားသူကြီး ဒေါ်ဌေးဌေးကြည်က တရားခံတွေဖြစ်တဲ့ ရော်ဖိနဲ့ လူယု တို့ကို သေဒဏ်အမိန့်စီရင်ချက် ချမှတ်လိုက်တာပါ။ အမိန့်ချပြီး တပတ်အတွင်း အယူခံဝင်နိုင်သေးတယ်လို့ သိရပါတယ်။

ဒီအမှုမှာ တရားခံအဖြစ် တရားစွဲဆိုခံရတဲ့ လူသုံးဦးထဲက တဦးဖြစ်တဲ့ ထက်ထက် ခေါ် ရော်ရှီး ခေါ် ဖြိုးဇေယျာကျော်ဟာ ကျောက်ဖြူ အကျဉ်းထောင်ထဲ ဇွန်လ ၉ ရက်ညနေက ကြိုးဆွဲချပြီး သူ့ကိုယ်သူသတ်သေသွားတဲ့ခဲ့ပါတယ်။

သူတို့သုံးဦးကို အဓမ္မပြုကျင့်မှု ပုဒ်မ ၃၇၆၊ လူသတ်မှု ပုဒ်မ ၃၀၂ နဲ့ လုယက်မှု ပုဒ်မ ၃၉၂ တို့နဲ့ စွဲချက်တင်ပြီး ဇွန် ၈ ရက်နေ့က အမှုစတင်စစ်ဆေးခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် မသီတာထွေး ကျောက်နီမော် စံပြရပ်ကွက် စက်ချုပ်သင်တန်းကနေ သပြေချောင်းရွာကို မေလ ၂၈ ရက် ညနေပိုင်းကအပြန် ကျောက်ထရံရွာနားမှာ လူသုံးဦးက သူ့ကို မုဒိန်းကျင့်၊ သတ်ဖြတ်၊ ရွှေထည်ပစ္စည်းလုယူမှု ကျူးလွန်ခဲ့တာပါ။

ဒီဖြစ်ရပ်နဲ့ ဆက်နွှယ်ပြီး ၇ ရက်မြောက်နေ့ ဇွန်လ ၄ ရက်မှာ လူ ၁၀ ဦး သံတွဲ-တောင်ကုတ်လမ်းဆုံမှာ အသတ်ခံခဲ့ရပါတယ်။ ဒီလ ၈ ရက်နေ့မှာ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်က ဒေသခံ ရခိုင်တိုင်းရင်းသားတွေရဲ့နေအိမ်တွေ ဖျက်ဆီးခံရပြီး လူအသေအပျောက်ရှိခဲ့ပါတယ်။

နောက်တနေ့မှာ ရခိုင်ပြည်နယ်မြို့တော် စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲမြို့တွေကို အဓိကရုဏ်း ကူးစက်သွားပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပါတယ်။