သတ္ထုမိုင်းက စွန့်ပစ်ရေဆိုးတွေကို စစ်ဆေးပေးဖို့တောင်းဆို


2016.09.08
waste-water-620.jpg တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ကံပေါက်ကျေးရွာမှာ သတ္တုတူးဖော်နေတဲ့ Delco ကုမ္ပဏီက စွန့်ပစ်နုန်းကန်ကျိုးကျနေတာကို ၂ဝ၁၅ ခုနှစ်က တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ကံပေါက်ကျေးရွာမှာ သတ္ထုတူးဖော်နေတဲ့ Delco ကုမ္ပဏီက စွန့်ပစ်ရေတွေကို စစ်ဆေးပေးဖို့ ဒေသခံတွေက တိုင်းဒေသကြီး သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနထံ စာပေးပို့ခဲ့ပါတယ်။

ချောင်းထဲမှာ နုန်းရေတွေပါလာပြီး ရေတွေကလည်းများလာကာ နှုန်းစစ်ကန်တွေကျိုးပေါက်မှာကို ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ ကံပေါက်ကျေးရွာ သတ္ထုလုပ်ကွက်စောင့်ကြည်ရေးအဖွ့ဲဝင် ဦးခင်စိုး က ပြောပါတယ်။

"နုန်းစစ်ကန်က ပြိုကျလာတယ်၊ နုန်းရေတွေက ချောင်းထဲကို ဒလဟောဆင်းလာတယ်၊ ချောင်းရေတွေ ထဲ နုန်းရေတွေပါလာတော့ လူတွေ တအားထိတ်လန့်တယ်လေ၊ ပြီးခဲ့တဲ့ ၂ဝ၁၅ တုန်းကလည်း တခါဖြစ်ဖူး တယ်လေ၊ အခုလည်း အဲ့လိုအလားတူဖြစ်လာမယ့်ဟာတွေကို ဒေသခံတွေက စိုးရိမ်နေတာပေါ့နော်”

ကံပေါက်ကျေးရွာမှာ ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ်က စွန့်ပစ်ရေကန်ကျိုးကျပြီး လူတစ်ဦးသေဆုံးခဲ့ကာ အိမ် ၁၉ လုံး ပျက်စီးခဲ့ပါတယ်။

အဲ့ဒီအစီရင်ခံစာနဲ့ပက်သက်ပြီး ကုမ္ပဏီကိုစစ်ဆေးပေးဖို့ ဝန်ကြီးက တိုင်းဒေသကြီး သစ်တောသတ္ထုဌာနကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်းဒေသကြီးမှာ သတ္ထုတူးဖော်ရေးလုပ်ငန်းတွေရှိတဲ့ ကျေးရွာတွေမှာ ဒေသခံ ၁ဝ ဦးစီကို သတ္ထုမိုင်းစောင့်ကြည်ဖို့အတွက် ဒေသခံတွေစောင့်ကြည့်ရေးအဖွဲ့တွေကို တိုင်းဒေသကြီး သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဖွဲ့စည်းပေးထားပါတယ်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း စွန့်ပစ်ရေဆိုးတွေ စနစ်တကျမစွန့်ပစ်တာကြောင့် ထားဝယ်မြို့နယ် က သတ္ထုမိုင်းလုပ်ငန်း ၂ ခုကို တူးဖော်ခွင့်ယာယီပိတ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။