ကယားပြည်နယ် ဒီးမော့ဆိုမြို့မှာ ကရင်နီအမျိုးသားကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ အပစ်ရပ်ထား တာကြောင့် စစ်ဘေးဒုက္ခသည်တွေကို ကူညီရာမှာ အနည်းငယ် အဆင်ပြေလာတယ်လို့ စစ်ဘေးဒုက္ခသည်တွေ ကို အကူအညီပေးနေသူ တစ်ဦးက RFA ကို ပြောပါတယ်။
နှစ်ဘက် အပစ်ရပ်ထားတဲ့အတွက် စစ်ဘေးဒုက္ခသည်တွေရှိရာသို့ စေတနာ့ဝန်ထမ်းတချို့လည်း လာရောက် ကူညီပေးနိုင်ပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးကူညီထောက်ပံ့မှုတွေ အရင်ထက်စာရင် ပိုလုပ်ပေးလာနိုင်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလကတည်းက ဆက်တိုက်ဖြစ်ပွားနေတဲ့ တစ်လကျော်ကြာ တိုက်ပွဲတွေကြောင့် ကရင်နီ (ကယား) ပြည်နယ်ထဲမှာ ဒုက္ခသည် တစ်သိန်းကျော်အထိ ရှိလာပြီး သူတို့အတွက် စားနပ်ရိက္ခာထောက်ပံ့တဲ့ကားတွေ ဖျက်ဆီးခံရတာ၊ လမ်းတွေ အပိတ်ခံထားရတာတွေကြောင့် ဒုက္ခသည်တွေကို ကူညီထောက်ပံ့ဖို့ အခက်အခဲ တွေ ရင်ဆိုင်ခဲ့ရတာပါ။
ကရင်နီပြည်နယ်ထဲက ခရစ်ယာန်ဘုန်းတော်ကြီးတွေနဲ့ ဒေသခံတွေက ဘာသာရေး အဆောက်အဦးတွေကို ပစ်ခတ်တာတွေမလုပ်ဖို့ နှစ်ဘက် အပစ်ရပ်ပေးကြဖို့ မေတ္တာရပ်ခံခဲ့တာကြောင့် ဇွန်လ ၁၂ ရက်နေ့ နောက်ပိုင်း ပစ်ခတ်တာတွေ မရှိတော့တာပါ။
လက်ရှိအချိန်မှာတော့ နှစ်ဘက်တိုက်ပွဲ ရပ်နားထားတာကြောင့် စစ်ဘေးဒုက္ခသည်အချို့ကတော့ နေရပ် ပြန်လာကြသူတွေ ရှိပေမယ့် အချို့ကတော့ ပြန်စရာအိမ် မရှိတော့တာကြောင့် တောထဲမှာပဲ ဆက်နေကြတယ် လို့ အကူအညီပေးနေသူတွေက ဆိုကြပါတယ်။