သွေးလွန်တုပ်ကွေးဖြစ်ပွားသူ တစ်သောင်းနှစ်ထောင် နီးပါးရှိ


2017.07.17
lashio-dengue-fever-622.jpg သွေးလွန်တုပ်ကွေးရောဂါကြောင့် ဆေးရုံတက်ရောက်ကုသနေတဲ့ ကလေးငယ်တစ်ဦးကို တွေ့ရစဉ်
Photo: Kan Thar/ RFA

တစ်ပြည်လုံးမှာ ၇ လ တာကာလအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ တစ်သောင်းနှစ်ထောင်နီးပါးရှိပြီး သေဆုံးသူ ၆၆ ဦးရှိနေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန သွေးလွန်တုပ်ကွေး တိုက်ဖျက်ရေးဌာန စီမံချက်မန်နေဂျာ ဒေါက်တာ ဇော်လင်း က ပြောပါတယ်။

မိုးတွင်းရဲ့ အလယ်ကာလဖြစ်တဲ့ လက်ရှိ ဇူလိုင်လဟာ အဖြစ်အများဆုံးဖြစ်နိုင်တာမို့ အထူးသတိထားကြဖို့ သွေးလွန်တုပ်ကွေးတိုက်ဖျက်ရေးဌာန စီမံချက်မန်နေဂျာ ဒေါက်တာဇော်လင်း က ပြောပါတယ်။

"အရင်တုန်းကဆိုရင်တော့ ၁၀ လ၊ ၁၁ လ၊ ၁၂ လပေါ့ ၊ လွယ်အောင်ပြောရင် အေးတဲ့ရာသီဥတုပေါ့၊ အေးတဲ့ရာသီဥတုဆိုရင် ခြင်ရဲ့လှုပ်ရှားမှုက နှေးကွေးသွားတယ်၊ Temprature ကလည်း ကျသွားတာ ဖြစ်တဲ့အတွက် ခြင်ကျားပေါက်ဖွားမှုက နည်းသွားတယ်၊ အန္တရာယ်အထိုက်အလျောက် နည်းသွားတယ် အရင်ကပေါ့နော်၊ အခုတော့ တစ်နှစ်ပတ်လုံး အန္တရာယ်နည်းသွားတဲ့ အခြေအနေလို့ပြောဖို့က ခက်သွား ပြီပေါ့နော်၊ အန္တရာယ်အများဆုံးကတော့ ဇူလိုင်လပေါ့နော်’’

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်နဝါရီလကနေ ဇူလိုင်လ ၈ ရက်နေ့အထိ တစ်ပြည်လုံးမှာ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု စာရင်းတွေအရ ရန်ကုန်တိုင်းမှာ လက်ရှိအချိန်ထိ ၂၆၀၀ ကျော်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၅ ဦး ရှိကာ ဧရာဝတီ တိုင်းမှာလည်း ၁၆၀၀ ကျော်ရှိကာ ၁၉ ဦး သေဆုံးခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာဆိုရင် ၁၄၀၀ ကျော်ရှိပြီး သေဆုံးသူ ၁၁ ဦးရှိကာ ၊ ပဲခူးတိုင်းမှာ ၁၂၀၀ နီးပါးရှိပြီး သေဆုံးသူ ၁၀ ဦးရှိပါတယ်။

မွန်ပြည်နယ်မှာတော့ ၁၂၀၀ ကျာ်ရှိပြီး သေဆုံးသူ မရှိသေးဘူးလို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းက တစ်ပြည်လုံးမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ လေးသောင်းကျော်အထိရှိခဲ့ပြီး သေဆုံးသူ ၁၄၀ ဦးထိ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် တစ်နှစ်လုံးမှာ ဖြစ်ပွားသူ ၁၀၇၇၀ ဦး ၊ သေဆုံးသူ ၅၈ ဦးထိရှိခဲ့ရာ လက်ရှိဒီနှစ် ၂၀၁၇ ခုနှစ် ဇူလိုင်လ အထိမှာတော့ တစ်သောင်းတစ်ထောင်ကျော်နေပြီဖြစ်ပြီး သေဆုံးသူကလည်း ၆၆ ဦးထိ ရှိနေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။