အမြန်ဆုံး တွေ့ဆုံဆွေးနွေးဖို့ လိုကြောင်း ဝါရင့်နိုင်ငံရေးသမားကြီးများ ပြောကြား
2010.11.17
စစ်အစိုးရက ထုတ်ဝေသည့် မြန်မာ့အလင်းသတင်းစာမှ ၂၀၀၃ ဇူလိုင် ၅ ရက်တွင် ဖြန့်ဖြူးသော ရက်စွဲမပါသည့် မှတ်တမ်း ဓာတ်ပုံတွင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (ဝဲ) နှင့် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ယာ) တို့ အမည်မဖော်ပြသည့် နေရာတခုတွင် တွေ့ဆုံ နှုတ်ဆက်နေပုံ ဖြစ်ပါသည်။ ၎င်းနောက်၊ တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းချက်များကို စစ်အစိုးရက ဥပေက္ခာ ပြုခဲ့ပါသည်။ (Photo: AFP PHOTO / FILES / NEW LIGHT OF MYANMAR)
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာနဲ့ မြန်မာ့နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး RFA က ဆက်သွယ်မေးမြန်းရာမှာ သခင်ချန်ထွန်းက အခုလိုပြောတာ ဖြစ်ပါတယ်။
“အာဏာက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထဲမှာ ရှိနေတယ်။ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုက တခဲနက် ထောက်ခံနေတယ်။ အဲဒီတော့ ဒီဟာနှစ်ခု ဆွေးနွေးပြီးတော့ တိုင်းပြည်ပြဿနာ အရပ်ရပ်ကို ဖြေရှင်းမှ အောင်မှာပေါ့၊ ဒါပါပဲ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီးတော့ပေါ့လေ၊ ဒါကတော့ ပြောတော့ ဒီ တယောက်စီသာ ပြောတာကိုး၊ တကယ်ကျတော့ ဗိုလ်ချုပ်မှူးကြီးဖက်ကလည်း ပါလာမှာပေါ့၊ ဒုခေါင်းဆောင် ဗိုလ်ချုပ်ကြီး မောင်အေးတို့ ဘာတို့ အကုန်လုံးပေါ့လေ၊ ပါလာမယ်။ ဒီဖက်ကလည်း ပါဘာရမှာပေါ့။ အမှန်ကတော့ ဒီနှစ်ဖက် ပုဂ္ဂိုလ်တွေပေါ့လေနော်၊ ဆွေးနွေးပြီး ဖြေရှင်းမှ တိုင်းပြည်ရဲ့ ပြဿနာ အရပ်ရပ်ကို ပြေလည်နိုင်မယ်လို့ ဒီလိုပဲ ယုံကြည်တယ်။”
ဒါ့အပြင် စစ်အစိုးရရင်ဆိုင်နေရတဲ့ နိုင်ငံတကာ ဖိအားတွေ ပြေလျော့ သွားဖို့ဆိုရင်လည်း နိုင်ငံတကာက တိုက်တွန်းချက်တွေကို အလေးထား လိုက်နာ ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဟာ သယံဇာတကြွယ်ဝပြီး ဝင်ငွေတွေ ရနေပေမဲ့ ဒါဟာ အစိုးရဝင်ငွေပဲ ဖြစ်နေပြီး၊ ပြည်သူတွေမှာတော့ စားဝတ်နေရေး ကျပ်တည်းမှုနဲ့ အလုပ်လက်မဲ့ ပြဿနာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ဝါရင့်နိုင်ငံရေးသမားကြီးများအဖွဲ့က သခင်ချန်ထွန်းကို RFA က ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
| ဆက်သွယ်မေးမြန်းချက်။ |
|
| အသံဖိုင်ယူရန် |









